Skip to main content

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းစတင်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်းနှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Second Secretary Mr. Zhang Zhonghua၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ၏ စီမံကိန်းနှစ်ခုဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံအသေးစား ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်း နှင့် “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်းတို့ကို ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းနှစ်ခုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်း ရှင်များနှင့် ပြည်သူများအနေဖြင့် Food Safety ဆိုင်ရာအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေခြင်း၊ နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများကို မြှင့်တင်ပေးရာရောက်ပြီး နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးတို့က မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့်စီမံကိန်းနှစ်ခုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဖြင့်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်း ၁၅ ခုအနက် စီမံကိန်းကိုးခုဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများဆိုင်ရာ Video Clip ကိုပြသပြီး ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့်စီမံကိန်းများဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့်တင်ခြင်းစီမံကိန်းဖြင့် တရုတ်နိုင်ငံမှပညာရှင်များဖိတ်ခေါ်ပြီး ဌာနရှိ နည်းပြများကို TဝT သင်တန်းပေးခြင်း၊ ဌာနရှိ နည်းပြများက ကျေးလက်နှင့် မြို့ပြရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကို စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်း၊ စီမံကိန်း စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်းများ (M&E) ပြုလုပ်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာစေရေးအတွက် လေ့လာရေးခရီးစေလွှတ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်