Skip to main content

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အမြင့်ဆုံးအောင်မြင်မှုကိုမျှော်မှန်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော “အားကစား တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာစွမ်းရည်များကို မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်း” ဆိုသည့်အချက်ကို အလေးအနက်ထား မှတ်သားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြည့်စုံမှု၊ နည်းစနစ်ကျနမှု၊ စည်းကမ်းလိုက်နာမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် (Team Work) ရှိမှုများသည် ပြိုင်ပွဲအောင်မြင်မှုအတွက် အရေးကြီးသဖြင့် အကောင်းဆုံးပြင်ဆင်၍ အမြင့်ဆုံးအောင်မြင်မှုကို မျှော်မှန်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် တစ်ဦးချင်း ကျန်းမာရေး၊ ထိခိုက်ဒဏ်ရာရမှုမရှိစေရေးတို့ကို ဂရုစိုက်ရန်မှာကြားပြီး အားကစားအသင်းအောင်နိုင်ရေးအလံကို ပေးအပ်သည်။

၁၀၃ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဂေါက်သီးရိုက်နှင့် ပြေးခုန်ပစ်(အမျိုးသား/ အမျိုးသမီး) စသည့် အားကစားနည်းများအတွက် စုစုပေါင်းအားကစားသမား ၁၀၃ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်