Skip to main content

ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် MSME ထုတ်ကုန်ပြခန်းများ ခင်းကျင်းပြသ

နေပြည်တော် ဒီဇင်ဘာ ၃

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပမည့် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချရန် ပြင်ဆင်နေမှု၊ တည်းခိုရေးစခန်း (ရွာတော်)တွင် ထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယခုကျင်းပသည့် ပဉ္စမအကြိမ် အမျိုးသား ားကစားပွဲတော်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီသီးမှ အသင်းအုပ်ချုပ်သူ နည်းပြ၊ အားကစားသမားများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်သဖြင့် ယခုပြသရောင်းချသည့် ထုတ်ကုန်ပစ္စည်း များသည် ကြော်ငြာစရာမလိုဘဲ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သိရှိသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဈေးကွက်ရရှိရေးစသည့်လုပ်ငန်းစဉ်များကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသဖြင့် လုပ်ငန်းရှင်များကလည်း မိမိတို့၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျှင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေ တိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ့စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသည် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် မှာကြားသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် တည်းခိုရေးစခန်း (ရွာတော်) တို့တွင် MSME များမှ ထုတ်လုပ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ အလှကုန်၊ အားကစားပစ္စည်းစသည့် ပြခန်း ၄၀ ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်