Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၂

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်ဇနီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှတာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနအကြီးအကဲများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တစ်ခဲနက်တက်ရောက်ကြည့်ရှု အားပေးကြသည်။

အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ကျန်အုပ်စုပွဲစဉ်များအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းသည် ဒီဇင်ဘာ ၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ ဒီဇင်ဘာ ၇ ရက်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဒီဇင်ဘာ ၁၀ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်