Skip to main content

(၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးများကို ယနေ့တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပရာ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ Virtual စနစ်များဖြင့် တက်ရောက်သည်။

ဦးစွာ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ်လူငယ်များ၏ အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် ဆွေးနွေးပြောကြားခြင်း၊ ပူးတွဲထုတ်ပြန်ချက်များကို ဆွေးနွေးအတည်ပြုခြင်း၊ (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာတို့ကို ဆွေးနွေးခြင်းများဆောင်ရွက်ပြီး အစည်းအဝေးပထမပိုင်း အစီအစဉ်ကို ရပ်နားခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် (၉) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပရာ အစည်းအဝေးဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်၊ အစီအစဉ်အသစ်များနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ပိုမိုအားကောင်းသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို ဖန်တီးနိုင်မည့် အကြံပြုချက်များကို မျှဝေဆွေးနွေးပေးသွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း လူငယ်ထုအတွက် ပိုမိုကောင်းမွန်သည့် သာယာဝပြောမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများစွာနှင့် ပြီးမြောက်အောင်မြင်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် (၁၂)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ အစီရင်ခံစာများကို ဖတ်ကြားတင်ပြခြင်း၊ အာဆီယံအပေါင်း ၃ နိုင်ငံများက မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌ ဆောင်ပုဒ်ဖြစ်သည့် “သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို လူငယ်တွေရဲ့အင်အားနဲ့ ဖန်တီးဖော်ဆောင်သွားကြပါစို့နှင့် စပ်လျဉ်း၍ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် ဆွေးနွေးပြောကြားခြင်း၊ အစည်းအဝေးများ၏ ဝန်ကြီးများအဆင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခြင်းနှင့် (၁၀) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာကို ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးများနှင့်အတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကိုလည်း လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်များတွင် MGallery ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်