Skip to main content

တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နဝမပုံမှန်အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နဝမပုံမှန်အစည်းအဝေး (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ် ဖြင့် တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် ကောင်စီဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီစိစစ်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ A Tech ၄၈၁ဦး၊ AG Tech ၁၄၅ ဦး၊ AE ၁၃၀၄၀၊ RE ၁၄၄၇၂ ဦး၊ RSE ၄၀၉၂ ဦး၊ PE ၁၂၉၄ ဦး၊ ACPE ၆၂၈ ဦး၊ RLE ၁၂ ဦး၊ RFPE ၁၀ ဦး တို့ကို မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း၌ AE ငါးဦး၊ RE ၁၃ ဦး၊ RSE ၂၂ ဦး၊ PE ၁၆ ဦး၊ A Tech ငါးဦးတို့သည် မှတ်ပုံတင်လက်မှတ်များရရှိရေးအတွက် လျှောက်ထားလာသည်ကိုတွေ့ရှိရကြောင်း၊ အင်ဂျင်နီယာ အထူးပြုဘာသာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း၌ နည်းပညာတက္ကသိုလ်လေးခုမှ အင်ဂျင်နီယာဘွဲ့သင်တန်း ၂၅ ခုကို အရည်အသွေး စိစစ်အသိအမှတ်ပြုသင်တန်း (Full Accredited Programme) များအဖြစ် စိစစ်ပေးအပ်ခဲ့ခြင်း၊ နည်းပညာတက္ကသိုလ်ကိုးခုတို့မှ သင်တန်းပေါင်း ၅၃ ခုတို့ကို ပဏာမအရည်အသွေးစိစစ်အသိအမှတ်ပြုခြင်း၊ နည်းပညာတက္ကသိုလ်နှစ်ခုမှ သင်တန်းပေါင်းသုံးခုတို့ကို ကြားကာလသင်တန်းများ (Interim Programmes) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် အင်ဂျင်နီယာဘာသာရပ်နှင့်သက်ဆိုင်သည့် အသိအမှတ်ပြုလက်မှတ်များအပြင် ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူများ၊ နည်းပညာကျွမ်းကျင်သူများကိုလည်း မွေးမြူပေးနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တို့၌ စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခဲ့သဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဒုတိယဥက္ကဋ္ဌ(၁)က ၂၀၂၄ခုနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကောင်စီအတွင်းရေးမှူးက ကောင်စီအဋ္ဌမပုံမှန်အစည်းအဝေး (၃/၂၀၂၄) မှ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သည့် ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဒုတိယဥက္ကဋ္ဌ(၂)က အင်ဂျင်နီယာ အထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေ၊ လုပ်ငန်းကော်မတီများက ၂၀၂၄ ခုနှစ် ပထမ(၃)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အကျဉ်းချုပ်အခြေအနေတို့ကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်း ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်းတွင် စခန်းဝင်လေ့ကျင့်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ အားကစားသမားများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စက်မှုဝန်ကြီးဌာနမှ ဂေါက်သီးရိုက်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားတို့၌ အားကစားသမား ၂၆ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်