Skip to main content

(၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၉

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်(၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အလှည့်ကျအိမ်ရှင်နှင့် အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ပြည်ဝင် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရေး၊ ဒေသတွင်း ခရီးသွားနေရာများ ချိတ်ဆက်ဆောင်ရွက်ရေး၊ အလှမ်းဝေးသော ခရီးသွားဈေးကွက်များမှ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းမှုများမြှင့်တင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဒေသတွင်း ခရီးသွားလုပ်ငန်းများကို ပြန်လည်အသက်ဝင်လာစေရန် အတူတကွပူးပေါင်း ဆောင်ရွက်ရေး၊ စီအယ်လ်အမ်ဗွီ နိုင်ငံများသို့ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍများအတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်ရေး၊ စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း website သို့မဟုတ် သတင်းအချက်အလက် ဒေတာဘေ့စ်များတည်ထောင်ရေး၊ နိုင်ငံတကာခရီးသွားပွဲများ ကျင်းပခြင်းနှင့် ပူးပေါင်းပြသခြင်းစသည့် ပူးတွဲခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းများ ဆောင်ရွက်ရေး၊ လူမှုရေးမီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲဒစ်ဂျစ်တယ်စျေးကွက် ရှာဖွေရေးနှင့် မြှင့်တင်ရေးကမ်ပိန်းများ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးအတည်ပြုကြသည်။

ထို့ပြင် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ၂၀၂၃-၂၀၂၅ အရ အဖွဲ့ဝင်နိုင်ငံများမှ ဒေသတွင်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ဗီဇာများဖြေလျှော့ ပေးရေး၊ ဒေသတွင်းခရီးသွားပြပွဲများ ကျင်းပပြုလုပ်မှုနှင့် အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ပြသမှုအခြေအနေ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်အစီအစဉ်များ၊ စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၂၅-၂၀၂၆ အဖြစ် သက်တမ်းတိုးပြင်ဆင်မှုနှင့် (၈) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေတို့ကို အတည်ပြုခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် (၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့် ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်နိုင်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် ရန်ကုန်မြို့အခြေစိုက် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်