Skip to main content

နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားမြှင့်တင် စီးပွားရေးကောင်းမွန်ရေးကြိုးပမ်း

နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားသည် စီးပွားရေးဖြစ်သည်။ နိုင်ငံမည်သည့်အခြေအနေရှိသည်ဖြစ်စေ စီးပွားရေးကောင်းမွန်ပါမှ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး စသည့်ကဏ္ဍအားလုံး တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးစနိုင်ငံဖြစ်သည့်အတွက် အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁)၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ခွင့်များ ရရှိလာသည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက်များစွာရှိသည်။ အစိုးရပါဝင်ဆောင်ရွက်နေရသည့် အခန်းကဏ္ဍများရှိသည်။ စီးပွားရေးဖိအားပေးမှု၊ ပိတ်ဆို့မှုများရှိနေသည့်အတွက် စိန်ခေါ်မှုများရှိသည်။ သို့သော် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဈေးကွက်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှု မြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ယခု လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့စီးပွားရေးအခြေအနေကို ကြည့်မည်ဆိုပါက ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအားပြိုင်မှုများ၊ ကပ်ရောဂါဘေးကျရောက်မှုများ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပေါ်မှုများ၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပြဿနာများ၊ နည်းပညာပိုင်းဆိုင်ရာပြိုင်ဆိုင်မှုများ၊ စွမ်းအင်လုံခြုံရေးအခက်အခဲများ၊ ပြည်တွင်းနှင့် ဒေသတွင်းပဋိပက္ခများ စသည့်စိန်ခေါ်မှုအမျိုးမျိုးတို့ကြောင့် ပထဝီစီးပွားရေးဘက်တွင် ပြည်တွင်းအင်အားများကို အဓိကအားထား၍ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကျင့်သုံးမှုများ ပိုမိုများပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးပေါင်းယှက်ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်း ပြဿနာများကို မေခရိုစီးပွားရေးပညာရပ်နှင့် နိုင်ငံရေးဘောဂဗေဒရှုထောင့်တို့ပေါင်းစပ်ပြီး နည်းလမ်းသစ်များဖြင့် လေ့လာသုံးသပ်ဆောင်ရွက်ကြရန် လိုအပ်လာသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကြားတွင် အနည်းနှင့်အများ သက်ရောက်ထိခိုက်ခံစားမှုများရှိမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန် စတင်ယူစဉ်ကတည်းက စီးပွားရေးကဏ္ဍတွင် အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စီးပွားရေးတွင် တိုးတက်မှုများ ရရှိလာသည်။ ထိုသို့ဆောင်ရွက်ရာတွင် မျက်မှောက်ကာလဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးအနေအထားများအရ စီးပွားရေးပညာကို စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝဖြင့် လက်တွေ့အသုံးချနိုင်မှုသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် အင်အားတစ်ရပ်ဖြစ်သည်ကို သတိပြုရန်လိုသည်။ စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသည့်အတွက် ထည့်သွင်းစဉ်းစားရမည့် ကိန်းရှင်များစွာရှိနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သာမက အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီတူရရှိရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံအရင်းအမြစ်များဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင် နိုင်ရေးတွင် စွမ်းရည်ပြည့်ဝသည့် စီးပွားရေးပညာရပ်များကို ထိရောက်စွာအသုံးချကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက် အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ စီးပွားရေးပညာရှင်များ၊ နိုင်ငံ့စီးပွားရေးတွင် ဦးဆောင်နေသူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံးက ကျရာအခန်းကဏ္ဍမှ ခံနိုင်ရည်ရှိစွာ၊ တက်ကြွစွာ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားများကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။