Skip to main content

စီးပွားရေးပညာ နှစ် ၁၀၀ ပြည်သူ့အကျိုး တို့သယ်ပိုး

လူဟူ၍ဖြစ်လာသည်နှင့် လိုအပ်သည့်အရာများရှိလာသလို၊ လိုချင်သည့်အရာများလည်းရှိလာသည်။ လူတစ်ဦးအတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ လိုအပ်သည့်အရာများနှင့် လိုချင်သည့်အရာများကို ဖြည့်ဆည်းနိုင်ရန်အတွက် မြေယာ၊ လူ့လုပ်အား၊ ငွေကြေးအရင်းအနှီး စသည့်အရင်းအမြစ်များကို အသုံးပြုကာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ကြရသည်။ အကန့်အသတ်နှင့်သာရှိနေသည့် အရင်းအမြစ်များကို မည်သို့ အသုံးပြု၍ မည်သည့်ကုန်စည်များကို မည်မျှထုတ်လုပ်မည်နည်း။ မည်သည့်ဈေးကွက်အတွက် မည်သည့်ပုံစံဖြင့် ထုတ်လုပ်မည်နည်း။ မည်သို့စီမံခန့်ခွဲမည်နည်း စသည်တို့ကို လေ့လာသည့်ပညာသည် စီးပွားရေးပညာဖြစ်သည်။

ရှေးကမြန်မာ့စီးပွားရေးသည် မြေရှင်ပဒေသရာဇ် စီးပွားရေး ဖြစ်ပြီး နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရချိန်တွင် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်သို့ ပြောင်းလဲခဲ့သည်။ ကိုလိုနီနိုင်ငံဘဝ ၁၉၂၄ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒဌာနကို စတင်ဖွင့်လှစ်သင်ကြားခြင်းဖြင့် မြန်မာနိုင်ငံသို့ စီးပွားရေးပညာစတင်အခြေချ လာခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ စီးပွားရေးအခြေခံပေါ်တွင် ကျန်အပေါ်ထပ်အဆောက်အအုံများကို တည်ဆောက်ကြရခြင်းဖြစ်ရာ ခေတ်အဆက်ဆက် နိုင်ငံရေးအပြောင်းအလဲ၊ မူဝါဒအပြောင်းအလဲများတွင် စီးပွားရေးပညာဖြင့် နိုင်ငံကို တည်ဆောက်ခဲ့ကြရခြင်းဖြစ်သည်။ ကိုလိုနီခေတ်မှသည် မျက်မှောက်ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အထိ ခေတ်အဆက်ဆက်တွင် စီးပွားရေးပညာအနေဖြင့် မူဝါဒဆိုင်ရာ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတည်ဆောက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍကို ကောင်းစွာအကျိုးပြုခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိ ပြည်ပပို့ကုန်ကို နှစ်ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်သည်ဟု သန်းခေါင်စာရင်းအစီရင်ခံစာတွင် တွေ့ရှိရကြောင်း၊ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာ ထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး အခြေခံအားဖြင့် တူညီကြကြောင်း၊ အသက် ၂၅ နှစ်အထိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပညာရေးအသင့်အတင့်သာရှိသောကြောင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထားဆောင်ရွက်သင့်သည်ဆိုသည်မှာ ပေါ်လွင်နေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင်ရှိနေသည့် အရင်းအမြစ်များအရ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နိုင်ငံ၏အခြေခံစီပွားရေးအဖြစ် အလေးထားဆောင်ရွက်ရမည်မှာ ပကတိအရှိ တရားပင်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ထားမည်ဆိုပါက လက်ရှိထုတ်လုပ်တင်ပို့မှု၏ နှစ်ဆတင်ပို့နိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်သည်။ ယင်းတို့ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ရှိနေကြသူအားလုံးက မိမိတို့ကျရာတာဝန်အလိုက် နှစ်ဆထက်မနည်း ကြိုးပမ်းအလုပ်လုပ်ကြရန်လိုသည်။

မိမိတို့နိုင်ငံတွင် လယ်ယာကဏ္ဍထုတ်လုပ်မှုများမှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူတစ်ဦးချင်းအရရော၊ မြေယာတစ်ယူနစ်ချင်းအရပါ အနိမ့်ကျဆုံးဖြစ်နေသည်ကို ဆန်းစစ်၊ အဖြေရှာလေ့လာ၍ အားနည်းချက်များကိုပြုပြင်ပြီး အများနည်းတူ ရင်ပေါင်တန်းနိုင်ရန်လည်း ကြိုးစားကြရမည်ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရာတွင် စီးပွားရေးပညာရပ်ဖြင့် တစ်တပ်တစ်အား ဆောင်ရွက်ပေးကြပါရန်စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားအပ်ပါကြောင်း။