Skip to main content

ပြည်တွင်းပြည်ပခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်တွင်းပြည်ပခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ရောဂါကြောင့်သေဆုံးမှုများ

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၃ ခုနှစ် အချက်အလက်များအရ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ၊ ကင်ဆာရောဂါ အစရှိသည့် Non Communicable Diseases ခေါ်သည့် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် သေဆုံးနေရပါကြောင်း၊ သေဆုံးမှုများသည် တစ်ကမ္ဘာလုံးတွင် သေဆုံးမှုများ အားလုံး၏ ၇၄ ရာခိုင်နှုန်းကျော်ရှိနေသည်ကိုတွေ့ရှိရပြီး အရွယ်မတိုင်မီသေဆုံးမှုများအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းနှင့် လေထုညစ်ညမ်းခြင်းသည် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်၍ရသည့် အကြောင်းအရင်းများဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း။

ကမ္ဘာ့တစ်ဝန်းတွင် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုတစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေ ရှစ်သန်းကျော် သေဆုံးနေရပြီး အဆိုပါရှစ်သန်းကျော်ထဲမှ လူဦးရေ ၁ ဒသမ ၂ သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်မဟုတ်ဘဲ တခြားသူသောက်သုံးသည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ (Second-hand smoke) ကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံးနေရကြောင်းနှင့် အများစုသည် အမျိုးသမီးနှင့် ကလေးများဖြစ်နေကြောင်း၊ ဆေးလိပ် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေဆုံးရမှုများသည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် အများစုဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လေ့လာဆန်းစစ်ခြင်း သုတေသနအရ မြန်မာနိုင်ငံတွင်ဆေးလိပ် သောက်သုံးသူ ၂၆ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါ လေ့လာဆန်းစစ်ခြင်း သုတေသနကို ထပ်မံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

အပြန်အလှန်ဆွေးနွေး

ထို့နောက် ပြည်တွင်းပြည်ပ ခရီးသွားများစွာ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်း ဆောင်ရွက်ရန်အတွက် တက်ရောက်လာကြသူများက ဆွေးနွေးသုံးသပ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ Myanmar Hotelier Association၊ အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးဆိုင်ရာမဟာမိတ်အဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်