နေပြည်တော် နိုဝင်ဘာ ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်