နေပြည်တော် စက်တင်ဘာ ၂၃
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဘက်တီယာန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၃ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
မဲဆန္ဒရှင်မိဘပြည်သူများ မင်္ဂလာအပေါင်းခညောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မက တော့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်ဘက်တီယာန်း ဖြစ်ပါတယ်။
ကျွန်မတို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ တင်ထားပြီး ဖြစ်ပါတယ်။
ပါတီ မူဝါဒ သဘောတရားနှင့် ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို မတင်ပြမီ ကျွန်မတို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ရဲ့ အလံနှင့်တံဆိပ်ကို ရှင်းပြလိုပါတယ်။ အလံ၏ အောက်ခံအရောင်မှာ အနီရောင် နှင့် ကြယ်ဖြူတစ်လုံးဘက်သို့ ဦးတည်နေသော အဖြူရောင်ဒူးလေး ဖြစ်ပါ တယ်။
ယနေ့ မဲဆန္ဒရှင်ပြည်သူများအတွက် သတိပြုရန် ကျွန်မတို့ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံနှင့် အမှတ်တံဆိပ်ချင်း ဆင်တူ ယိုးမှား အမှတ်တံဆိပ်များ ရှိလာနိုင်သောကြောင့် အလံ၏ အောက်ခံအရောင် မှာ အနီရောင်ဖြစ်ပြီး ကြယ်ဖြူတစ်လုံးနှင့် အဖြူရောင် ဒူးလေးတံဆိပ်ကသာ ကျွန်မတို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) အမှတ် တံဆိပ်ဖြစ်ကြောင်း အသိပေးလိုပါတယ်။
ကျွန်မတို့လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)အလံရဲ့ အဓိပ္ပာယ်ကို ရှင်းပြလိုပါတယ်။ အလံရဲ့ အောက်ခံအနီရောင်ဟာ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ နိုးကြားခြင်း၊ တက်ကြွခြင်း၊ ပြတ်သားခြင်းကို ပုံဆောင်ပါတယ်။ အဖြူရောင်ဒူးလေးဟာ လီဆူအမျိုးသားတို့ကို ရည်ညွှန်းသော အမှတ် သင်္ကေတဖြစ်ပြီး အဖြူရောင်ဟာ စင်ကြယ်ခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်း၊ အေးချမ်းခြင်း၊ သစ္စာရှိခြင်းတို့ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ လက်ဝဲဘက်ထိပ်ရှိ ကြယ်ဖြူတစ်လုံး၏အဓိပ္ပာယ်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အရေး အခန်းကဏ္ဍသို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေး ပါတီ)က ပါဝင်ချီတက်နေခြင်း သဘောဆောင်ပါတယ်။
ကျွန်မတို့ပါတီက ချမှတ်ထားတဲ့မူဝါဒများကို ဆက်လက်ဖော်ပြလိုပါတယ်။
၁။ နိုင်ငံရေးမူဝါဒ
(က) နိုင်ငံတော်အတွင်း၌ သူတစ်ပါးအား ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေဘဲ လွတ်လပ်စွာပြုမူနေထိုင်ခြင်း၊ ဖွင့်ဟဖော်ထုတ်ပြောဆိုရေးသား ခြင်း၊ ကြံစည်တွေးတောခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ တီထွင်ဖန်တီးခြင်း စသည်တို့ကို ကျင့်သုံးလျက် ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်ဖြစ်ပါတယ်။
( ခ ) ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေး အတတ်ပညာ/အသိပညာရှင်များပေါ်ပေါက် စေရန် ရည်ရွယ်ပါတယ်။
( ဂ ) နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၏အခြေခံရပိုင်ခွင့်နှင့် လူ့အခွင့် အရေးများ ပြည့်ပြည့်ဝဝ ခံစားရရှိစေရန်ဆောင်ရွက်သွားပါမည်။
(ဃ) တောင်တန်းမြေပြန့်မခွဲခြားဘဲ နိုင်ငံသား တိုင်းရင်းသားများ အချင်းချင်း တန်းတူအခွင့်အရေးရရှိစေရန် ဆောင်ရွက်ပါမည်။
( င ) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတို့ကိုတိုက်ဖျက်၍ ပြန်လည် ထူထောင်ရေးအစီအစဉ်များ ဆောင်ရွက်ပါမည်။
( စ ) မိမိတို့ လီဆူအမျိုးသားအရေးကိုအခြေခံ၍ အခြားတိုင်းရင်းသား တို့ရဲ့ အခွင့်အရေးများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးတွင် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ပါမည်။
(ဆ) လီဆူအမျိုးသားတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့၊ သမိုင်းတို့ကိုဖော်ထုတ်၍ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် ဆောင်ရွက်ပါမည်။
၂။ စီးပွားရေးမူဝါဒ
လွတ်လပ်၍တရားမျှတမှုရှိသော ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက် ကျင့်သုံးသွားပါမည်။
၃။ ပညာရေးမူဝါဒ
(က) နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်နှင့်ကိုက်ညီသော ကိုယ်ပိုင် တွေးခေါ်နိုင်မှုကို အားပေးကူညီသွားပါမည်။
(ခ) ကျေးလက်နှင့် မြို့ပြအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရန် လိုအပ်သောအစီအမံများကို ဖြည့်ဆည်းဆောင်ရွက်သွား ပါမည်။
၄။ ကျန်းမာရေးမူဝါဒ
(က) လူတိုင်းလက်လှမ်းမီ၍ လွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ဖော်ဆောင်သွားပါမည်။
(ခ) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ တိုင်းရင်းဆေးပညာကဏ္ဍ အဆင့် အတန်းမြင့်မားပေါ်ထွန်းစေရေး ဆောင်ရွက်ပါမည်။
၅။ ဘာသာရေးမူဝါဒ
နိုင်ငံသားတိုင်း မိမိသက်ဝင်ယုံကြည်ကိုးကွယ်ရာဘာသာအား လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အလေးထားပါမည်။
၆။ လူငယ်ရေးရာမူဝါဒ
အနာဂတ်၏ ခေါင်းဆောင်ကောင်း လူငယ်များအား နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွင် စွမ်းရည်မြင့်မားစေရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်ပါမည်။
၇။ ကျားမတန်းတူရေးမူဝါဒ
နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် အမျိုးသမီးများပါဝင်မှု မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
၈။ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ
သဘာဝသယံဇာတ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားပါမည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ရဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို မဲဆန္ဒရှင်ပြည်သူများထံသို့ ဆက်လက်တင်ပြ သွားပါမည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၏
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း
၁။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ကြိုးပမ်းမည်။
၂။ မြို့ပြနှင့် ကျေးလက်ဒေသများ တွင် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကောင်းမွန် စေရန် ကြိုးပမ်းဆောင်ရွက်မည်။
၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေများကို ထိရောက်ကောင်းမွန်အောင် ပြင်ဆင်သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်။
၄။ ဒေသခံတိုင်းရင်းသားများ ဝန်ထမ်းရေးရာကဏ္ဍများတွင် အခြေခံ ဝန်ထမ်းအဆင့်နှင့် တိုက်ရိုက်ဖြေဆိုခန့်အပ်နိုင်သော အရာရှိဝန်ထမ်းများ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
၅။ တိုင်းရင်းသားအချင်းချင်းကြား လွှမ်းမိုးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နိုင်လို မင်းထက်ပြုခြင်းနှင့် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မပါဝင်စေခြင်းမရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်။
၆။ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာဒေသခံများ၏ သဘောဆန္ဒကို ရယူမည့် အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုးပြုမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်။
၇။ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မသန်စွမ်းသောသူများအား အထူးကူညီစောင့်ရှောက်နိုင်ရန်နှင့် ၎င်းတို့၏အခွင့်အရေးနှင့် ရပိုင်ခွင့်များအား မြှင့်တင်ဆောင်ရွက်မည်။
၈။ လူငယ်များ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျန်းမာသန်စွမ်းရေးနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမြင့်မားလာရန် ကြိုးပမ်း ဆောင်ရွက်မည်။
၉။ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ(IDPs)များအတွက် ပြန်လည်ထူထောင် ခြင်းလုပ်ငန်းများကို တတ်စွမ်းသည့်အားဖြင့် ပူးပေါင်းဆောင်ရွက်မည်။
ကျွန်မတို့ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးဆောင်ပုဒ်သည် “တန်းတူညီမျှတိုးတက်ဖို့ ဒူးလေးပါတီကို မဲပေးစို့”ဖြစ်သည်နှင့်အညီ ဆင်းရဲ ချမ်းသာမရွေး၊ ဂုဏ်ပကာသနကိုမခွဲ၊ တောင်ပေါ်မြေပြန့်မခွဲ တန်းတူ ဆောင်ရွက်ပေးမည့် အနီရောင်အပေါ်က ကြယ်ဖြူပါ အဖြူရောင်ဒူးလေးကို မဲပေးကြပါစို့လို့ မေတ္တာရပ်ခံလိုပါတယ်။
ကျွန်မတို့လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် ပါတီသမိုင်းလည်း ကောင်း၊ တန်းတူညီမျှမှုကို အခြေခံသော မူဝါဒလည်းရှိ၊ ဝင်အရွေးခံကြမည့် ပုဂ္ဂိုလ်များလည်း အရည်အချင်းပြည့်မီသူများဖြစ်ကြပြီး မိမိလူမျိုး မိမိဒေသ၊ မိမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်ဝပြောရေးကို ဆောင်ရွက်မည့် ပါတီဖြစ်သည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုတည်ဆောက်ရေးကို တစိုက်မတ်မတ် ဦးတည်ဆောင်ရွက် မည့် ပါတီဖြစ်ပါသဖြင့် မိဘပြည်သူများ၏ အသည်းကြားက မဲတစ်ပြားကို ယုံကြည်စွာမဲပေးကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ် လိုက်ရပါတယ်။
အားလုံးကို ကျေးဇူးတင်ရှိပါတယ်။