Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆေးရုံများကို ပြည်သူလူထုက ပိုမိုအားကိုးလာသဖြင့် လူနာများပြားလာ၍ ဝန်ထမ်းများအနေဖြင့် လူနာများ၊ လူနာရှင်များနှင့် ကောင်းမွန်စွာဆက်ဆံနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆရာဝန်၊ သူနာပြုသစ်လွင်များကို သင်တန်းပေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့ဆေးရုံသို့ ပြန်လည်ရောက်ရှိချိန်တွင် အတွေ့အကြုံများကို မျှဝေခြင်း၊ အကြံဉာဏ်များ မျှဝေဖလှယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးရုံများသည် အခြားနေရာများနှင့် မတူသည်မှာ ပြည်သူများသည် မကျန်းမာ၍ ဆေးရုံလာရခြင်းဖြစ်ပြီး လူနာအတွက် မျှော်လင့်ချက်များ၊ စိုးရိမ်စိတ်များ ရှိနေကြကြောင်း။

ထို့ကြောင့် မိမိတို့ဝန်ထမ်းများသည် ပြည်သူများ အားကိုးလောက်သည့် ပြောဆိုဆက်ဆံမှု၊ ဝတ်စားဆင်ယင်မှုဖြစ်ရန်၊ ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်က ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုနှစ်ဒီဇင်ဘာလတွင် သူနာပြု ၁၈၀၀ ခန့်အပ်ရန်ရှိပြီး ဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ ဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်သူ့ဆေးရုံများတွင် လူနာများကို နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို မှာကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဒုတိယဆေးရုံအုပ်ကြီးများ၊ လက်ထောက်ဆေးရုံအုပ်များ၊ သူနာပြုအုပ်ကြီးများနှင့် သူနာပြုအုပ်များ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာကျင်းပကာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်