နေပြည်တော် နိုဝင်ဘာ ၂၇
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း ရွာတော်သို့ ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေး စကားပြောကြားသည်။
ဇာတ်တိုက်လေ့ကျင့်
အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အနုပညာဦးစီးဌာနမှ အနုပညာရှင် ၇၅ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ အင်အား ၁၀၀ ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ အင်အား ၅၀၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်) မှ ၂၅ ဦး၊ အနုပညာအထက်တန်းကျောင်း (မန္တလေး) မှ ၂၅ ဦးနှင့် ကရင်ပြည်နယ်မှ ကျောင်းသူ ၂၅ ဦး စုစုပေါင်းအင်အား ၃၀၀ ဖြင့် တင်ဆက်ကပြသွားရန် ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
သင်ကြားပေးလျက်ရှိ
အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကတွင် ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင် ခေတ်၊ ရတနာပုံခေတ်နှင့် မျက် မှောက်ခေတ်တို့ပါဝင်ပြီး တစ်ခေတ် စီ၏ ကကြိုးကကွက်နှင့် တီးလုံး အပြင် အဆိုပါခေတ်၏ သင်္ကေတပုံဖော်မှုဒီဇိုင်းများပါဝင်၍ ဇာတ်တိုက်လေ့ကျင့်မှုများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) က ကြီးကြပ်တာဝန်ယူသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်