Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားကျင်းပရေး အကြိုလေ့ကျင့်နေမှုများနှင့် ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများအတွက် အကြိုလေ့ကျင့်နေမှုများနှင့် ပြင်ဆင်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်းသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့၏ လေ့ကျင့်မှုများကိုလည်းကောင်း၊ အ.ထ.က (၆) ဇမ္ဗူသီရိတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့သည် ဖွင့်ပွဲအခမ်းအနားကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း LED တပ်ဆင်နေမှု၊ မီးစနစ်များတပ်ဆင်နေမှုနှင့် အသံစနစ်များ တပ်ဆင်နေမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ဖျော်ဖြေတင်ဆက်ကြမည့်အကအဖွဲ့များနှင့် ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်