နေပြည်တော် စက်တင်ဘာ ၂၃
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာ မြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်ပြီး သက်ဆိုင် ရာ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီ ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရုံး ၁၀ ရုံးမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
ဆက်လက်စိစစ်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ် များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်စိုးဝင်းထံသို့ ယနေ့တွင် ဒုတိယအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်သည်။
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့် စာအိတ်များသည် ဗန်ကောက်မြို့၊ စင်ကာပူမြို့၊ ဆိုးလ်မြို့နှင့် ကွာလာလမ်ပူမြို့တို့ရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးကြမည့် တိုင်းဒေသကြီး/ ပြည်နယ် ရှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အတွက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်