Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၃

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော အချိန်ကာလဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် မိမိအိမ်တွင်သာနေထိုင်ရေး (Stay at Home)အစီအစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန် တကယ် လိုက်နာဆောင်ရွက်မှသာ နှစ်ပတ်ကြာ ကာလ တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမည်ဖြစ် ပါကြောင်း၊ လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများ လည်း လာမည့် ၂၄ ရက်မှစ၍ ခေတ္တပိတ်ထားမည်ဖြစ်၍ ကူးစက်မှုများ ကျသွားမည်ပါကြောင်း။

တင်းကျပ်စွာစိစစ်သွားမည်

ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများ ကိုလည်း ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိကို တင်းကျပ်စွာ စိစစ်သွားမည်ဖြစ်ပါ ကြောင်း၊ ဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ရောင်းဝယ်ရေးကို ကြီးကြပ်ဆောင်ရွက် ပေးပါရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်များထံသို့ အကြောင်းကြားထားပြီး စတင်ဆောင်ရွက် လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများနှင့် လူနာနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းများ တွင် ထပ်မံပံ့ပိုးအားဖြည့်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ဝင် ၂၃ ဦး ပါဝင်သော ကွင်းဆင်းအဖွဲ့ သုံးဖွဲ့ကိုလည်း စက်တင်ဘာ ၁၅ ရက်တွင် စေလွှတ်ထားပြီး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန် နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ကိုလည်း စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံဖွဲ့စည်း ထားခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့များ၏ အကြံပြုချက်များ ရယူ၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနည်းဗျူဟာ များကို လိုအပ်သလို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး ရှုထောင့်၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်တို့မှ သာမက လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အညီ စီမံခန့်ခွဲမှုရှုထောင့်မှပါ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု၏ ရောဂါဖြစ်ပွား မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု ဆန်းစစ်သုံးသပ်ချက်များကို ကျန်တိုင်းဒေသကြီး/ ပြည်နယ်များကလည်း လေ့လာကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုက်ညီပြီး ကောင်းမွန်သည့် အချက်များအား အတုယူလုပ်ဆောင်စေလို ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ပထမလှိုင်း ဖြစ်ပွားပြီးနောက် ရောဂါကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခဲ့ပါ ကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲမှုများရှိနေခြင်း၊ ရောဂါကူးစက်ခံထားရသော် လည်း ရောဂါလက္ခဏာမရှိသူများရှိခြင်းစသည့် အချက်များ ကြောင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင် လည်း ကူးစက်မှုလှိုင်းများ ရှိလာနိုင်ပါကြောင်း၊ ဒုတိယ လှိုင်း ပြီးဆုံးပြီးနောက်လည်း ပြည်သူများအနေဖြင့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကမ္ဘာပေါ် တွင် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများအစု ထိုးနှံပြီးမှသာ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့မည် ဖြစ်ပါကြောင်း။

တိကျစွာလိုက်နာ

သို့ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ထိရောက်သော ကာကွယ်ဆေးမပေါ်မီအချိန်အထိ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ များအနေဖြင့်လည်း ပေါ့ဆမှု(လုံးဝ)မရှိဘဲ ရှေ့ဆက်လက်၍ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့၏ သုံးသပ်ချက် အမြင် များနှင့် အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးစေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး အသုံးအဆောင်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ချိတ်ဆက်ဝယ်ယူနေမှုများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လက်ရှိတွင် Cobas 6800၊ RT PCR နှင့် GeneXpert စက်များ အသုံးပြုကာ ဓာတ်ခွဲစစ်ဆေးနေမှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသာထွန်းကျော်က ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် နေ့စဉ် ညနေ ၅ နာရီတိုင်း ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေးပြုလုပ်ဆွေးနွေးကာ လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာကျော်မြင့်က ရောဂါ ကာကွယ်ရန်အတွက် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျော ညီထွေစွာ နေထိုင်သွားရမည့်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ၏ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များနှင့် ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှု များကို ကြိုတင်မှန်းဆ ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံ ပေးအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး၊ မကူးစက်တတ်သော ရောဂါများ ကြောင့် သေဆုံးမှုမမြင့်မားလာစေရေး၊ အခြားပြည်သူ့ ကျန်းမာရေးဆိုင်ရာ အောင်မြင်ရရှိမှု အခြေအနေများကို ဆက်လက် ထိန်းသိမ်းနိုင်ရေး၊ သတင်းမီဒီယာများ၊ ပြည်သူ များနှင့် ယခုထက် ပိုမိုဆက်သွယ် သတင်းပြန်ကြားနိုင်ရေး၊ မျိုးဆက်သစ် ကျန်းမာရေးပညာရှင်များ၏ မျှော်လင့်ချက်၊ ခံစားချက်ကို သိနားလည်ရေးနှင့် အကာအကွယ်ပေးရေး ကိစ္စရပ်များကို လည်းကောင်း။

ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကုသရေး လုပ်ငန်း၊ အသွားအလာစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းမြင့်က မြို့နယ်အလိုက် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက် သည့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုသည့် နေရာအဆောက်အအုံများ၏(CBFQ)စီမံခန့်ခွဲမှု အခြေအနေ နှင့် လိုအပ်ချက်များ၊ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းနှင့် အဖြေပြန်လည်ရရှိမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာ သီတာလှက ကိုဗစ်-၁၉ ကုသရေးဌာနအသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဓာတ်ခွဲ အတည်ပြု စောင့်ကြည့်လူနာများနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် နေရာများမှ သင့်လျော်သော ဆေးရုံ၊ ကုသရေးဌာနများသို့ ပို့ဆောင်ပေးနေမှုနှင့် ရင်ဆိုင် ရသည့် အခက်အခဲများကို လည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ရောဂါနှိမ်နင်း) ဒေါက်တာသန္တာလွင်က ရန်ကုန် တိုင်းဒေသကြီး၌ မြို့နယ်အသီးအသီးက တာဝန်ယူ ဆောင်ရွက်နေသည့် အသွားအလာ ကန့်သတ်စောင့်ကြည့် သည့် နေရာများတွင် သက်ဆိုင်ရာဌာနများက အားဖြည့် ဆောင်ရွက်ရန် အချက်များ၊ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူများ၏ သတင်းအချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်နိုင်ရေးကို လည်းကောင်း။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးနှင့် ညွှန်ကြားရေးမှူး(ကူးစက်)တို့က စစ်တွေ မြို့နယ်ရှိ ယာယီစခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် ရွေ့လျားဆေးခန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေနှင့် ရောဂါကူးစက်မှုမရှိအောင် ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ အိမ်တွင်နေထိုင်ရေး အစီအစဉ်အရ လိုက်နာရမည့်အချက်များကို ပြည်သူလူထုက လိုက်နာ ဆောင်ရွက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဆေးပညာပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က များပြား သော လူနာများအား ရက်ရှည်ကြာ ကုသမှုပေးနေရသော ဆေးပညာအထူးကုများ၊ သမားတော်များသည် ပင်ပန်း နွမ်းနယ်လျက်ရှိနေမှုနှင့် စိတ်ဓာတ်ရေးရာပံ့ပိုးမှုများ ဆောင်ရွက်နေမှု၊ စောင့်ကြည့်လူနာများကို တစ်နေရာတည်း တွင် စုစည်းထားရှိနိုင်ရေးကိစ္စနှင့် အီလက်ထရွန်နစ်စနစ် သုံး လူနာမှတ်တမ်းစနစ်ကို သုံးစွဲရန် အဆင်သင့်ဖြစ်နေမှု အခြေအနေများကို လည်းကောင်း။

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမြင့်ဟန်က မြန်မာနိုင်ငံ၏ ပဏာမကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အလွန်အရေးကြီးသည့် ပြင်ပအထွေထွေရောဂါကု ဆရာဝန် များ၏ အခန်းကဏ္ဍ၊ ပြင်ပဆေးခန်းအများစု မဖွင့်သော ကြောင့် နေမကောင်းသူများ၊ နာတာရှည် ရောဂါလူနာများ အတွက် အခက်အခဲများ ရှိနေသည့် ကိစ္စရပ်များကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

အကြံပြုချက်အတိုင်း ဆောင်ရွက်သွားမည်

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် ပတ်သက်၍ သံသယ/ စောင့်ကြည့် လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက်၊ ဆေးရုံတက်ရောက်ရန် သတ်မှတ်ချက်များအား မွမ်းမံသွား ရန်အတွက် သက်ဆိုင်ရာပညာရှင်များ၏ အကြံပြုချက်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသွားအလာ ကန့်သတ်သော နေရာများတွင် လက်ကိုင်အသံချဲ့စက်များ ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်ရမည် ဖြစ်ပြီး အသွားအလာကန့်သတ်ရက် ပြည့်မြောက်သူများ အား ဆက်လက်လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက် များအား ပေးဝေသွားရမည်ဖြစ်ပါကြောင်း။

အသွားအလာကန့်သတ်ထားရှိရာနေရာများ စီမံ ခန့်ခွဲရာတွင် ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် စီမံခန့်ခွဲရေး ပညာရှင်များ သုံးသပ်တိုင်ပင် ဆောင်ရွက်စေလိုပါကြောင်း၊ အသွားအလာကန့်သတ် ထားရှိရာနေရာများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် တက်ရောက်နေသူများအနက် ရောဂါအခံရှိ၍ ဆေးစွဲသောက်နေရသူများ ဆေးဝါးပြတ်လပ် မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးစီမံချက်များ နှင့် ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများနှင့် ဆွေးနွေးမှုများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်စေလို ပါကြောင်း၊ မိမိနေအိမ်တွင်သာနေထိုင်ရေး အစီအစဉ်ကို လိုက်နာဆောင်ရွက်မှု အားနည်းနေခြင်းများအား သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ထံသို့ အကြံပြု ချက်များ ပေးပို့ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့များက ပြုလုပ်သည့် အစည်းအဝေးမှတ်တမ်းများကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်တို့ထံသို့ ပေးပို့ခြင်းနှင့် အဖွဲ့များအချင်းချင်း ဝေမျှခြင်းများ ပြုလုပ် စေလိုကြောင်း ပြောကြားသည်။

သတင်းစဉ်