နေပြည်တော် နိုဝင်ဘာ ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီးရှိ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့ပေး
ဦးစွာ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ စီမံကိန်းဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးသည်။
ထို့နောက် စီမံကိန်းဧရိယာအတွင်းရှိ ရေထိန်းတံခါးပြွန်လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေသွယ်ဥမင်လိုဏ်လုပ်ငန်း၊ ပင်မရေပိုလွှဲလုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်းလုပ်ငန်းနှင့် ဆွဒ်ယာဒ်လုပ်ငန်းများအပါအဝင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ နန့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထားရှိသော ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ရေလွှဲဆည်အမှတ် (၁) နှင့် အမှတ် (၂) အကြား ကွန်ကရစ်ရေကာနံရံ ပြန်လည်ဆောက်လုပ်ခြင်းအတွက် ၁၀ ပေ ဘေလီတံတားနှစ်စင်း ဆောက်လုပ်ပြီးစီး၍ ကျောက်ကြီး/ မြသားတမံဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေလွှဲဆည်အောက်ဘက် ရေတိုက်စားသည့်နေရာကို ပြန်လည်ပြုပြင်ခြင်းနှင့် စက်ရုံရေဝင်မြောင်းမှ နုန်းများဖယ်ရှားခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်၊ စက်ရုံအတွင်း ရေဝင်ရောက်ခဲ့သည့် ဆွဒ်ယာဒ်ကေဘယ်မြောင်း၊ ကေဘယ်အဝင်အထွက်နေရာများမှတစ်ဆင့် ရေများထပ်မံမဝင်ရောက်စေရေးနှင့် စက်ရုံမြေအောက်ထပ်များအတွက် Ventilation Fan အထိုင်မြှင့်တင်သွားရန်နှင့် ဓာတ်အားပေးစက်ရုံပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်ရန် မှာကြားပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်