Skip to main content

ဥပဒေစိုးမိုးရေးသည် ပြည်သူ့အတွက်

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို စာဖွဲ့လျှင် ဥပဒေစိုးမိုးရေးကို ရှေ့ဆုံး စာမျက်နှာတွင် မြင်ရပါမည်။ တရားဥပဒေကို လိုသလို လှည့်ကာသုံးစွဲ၍ လည်းကောင်း၊ ဥပဒေထဲမပါလည်း ဥပဒေထဲ ပါသယောင် ပြောင်ပြောင် တင်းတင်း ချိုးဖောက်၍လည်းကောင်း၊ လိုသလို ဖြည့်ရင်း မလိုသည်ကို မှိန်ဖျောက်လုပ်ရင်း ဥပဒေကို လက်တစ်လုံးကြားပြု၍လည်းကောင်း အာဏာရှိသူတို့က ၎င်းတို့၏ ကိုယ်ကျိုးအတွက် ကာလ ရှည်ကြာအမျိုးမျိုး အသုံးပြုခဲ့ကြခြင်းကို ပြောင်းလဲလိုခြင်းဖြစ်ပါသည်။

အထက်ပါ ဥပဒေကို လိုသလိုအလွဲသုံးခဲ့ခြင်း၏ အကျိုးဆက်အဖြစ် ဥပဒေဟူသည် မိမိတို့ကို ဖိနှိပ်ချုပ်ချယ်ရန် ဖြစ်သည်ဟူသော အယူလွဲမှုဖြင့် အများပြည်သူတို့အကြား အရိုးစွဲလာလေသည်။ ဥပဒေဟူသည် အာဏာရှိသူ တို့ တလွဲအသုံးချစရာဖြစ်သည်ဟု မှတ်သားထားမိကြသူအများအပြား ရှိလာလေသည်။

ထို့ကြောင့်ပင် မိမိတို့နှင့် တိုက်ရိုက်ဆက်နွယ်ပတ်သက်သော ဥပဒေ စည်းမျဉ်းများကို လိုက်နာကြရန် ဝန်လေးလေ့ရှိကြသည်။ ကွမ်းတံတွေး မထွေးရဟူသည့် နံရံတွင်ကပ်ထားသော စာတန်းတစ်ခုလုံးကွမ်းသွေး များ ဖြင့် ရဲရဲနီနေသည့်မြင်ကွင်းမှာ မြန်မာနိုင်ငံတွင် မရှား။ အမှိုက်မပစ်ရဟူသည့် ဆိုင်းဘုတ်ပတ်လည်တွင် ဟည်းထနေသော အမှိုက်ပုံကြီး။ ဤနေရာတွင် ဈေးမရောင်းရဟူသည့်ကြေညာချက်မှာ ပျံကျဈေးသည်များ ၏ဈေးတောင်း များ ကွယ်နေသောကြောင့် ကောင်းကောင်းဖတ်မရ။

ကားမောင်းရင်း ဖုန်းမပြောရ၊ ကားပေါ်ရောက်လျှင် ခါးပတ်ပတ်ပါ။ ဆိုင်ကယ်တစ်စီး လူနှစ်ယောက်ထက် ပိုမစီးရ၊ ဆိုင်ကယ်ဦးထုပ် ဆောင်းပါ အစရှိသည့် စည်းမျဉ်းတို့သည် အလုပ်ရှုပ်အောင်လုပ်ထားသည့် စည်းမျဉ်း များသာဖြစ်၏ဟု လည်းကောင်း၊ တာဝန်ရှိသူတို့ လာဘ်စားရန်လမ်းပေါက် ဖွင့်ထားခြင်းသာ ဖြစ်သည် ဟုလည်းကောင်း မြင်တတ်ကြသည်လည်း ရှိ၏။

နိုင်ငံတစ်ခု တိုးတက်ရေးတွင် ဥပဒေစိုးမိုးမှုသည် အရေးကြီးလှသော ခေါင်းစဉ်တစ်ခုဖြစ်ပါသည်။ ဥပဒေမစိုးမိုးလျှင် စနစ်ကျ မှန်ကန်သော တိုးတက်ဖွံ့ဖြိုးရေး မည်သို့မျှမဖြစ်နိုင်။ ထို့ကြောင့်ပင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထား သောလွှတ် တော်များနှင့် အစိုးရပေါ်ပေါက်လာသည့်အခါ ဥပဒေစိုးမိုးရေးကို အလေးပေး ဖော်ထုတ်လာရခြင်း ဖြစ်ပါသည်။

ဥပဒေစိုးမိုးမှုတွင် ဥပဒေစိုးမိုးရေးကို တာဝန်ယူထားသူများတွင် ကြီးစွာသော တာဝန်များရှိနေသည်။ ဥပဒေတို့၏ ခိုင်မာလေးနက်မှု မှန်ကန်စေရေး၊ အခြေအနေနှင့်၊ ခေတ်နှင့်လျော်ညီသည့် ဥပဒေများဖြစ်စေ ရေး၊ ထုတ်ပြန်ထားသော ဥပဒေများအတိုင်း အများပြည်သူလိုက်န၁ရေး၊ ဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ တိတိကျကျ အရေးယူနိုင်ရေး အပြစ်ရှိသူတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ တရားစီရင်ရေးစနစ်များက ဥပဒေအတိုင်း ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေး စသည်တို့ပါဝင်ပါသည်။

ယင်းကိစ္စရပ်တစ်ခုလုံး၏ အရေးအကြီးဆုံးသော အနှစ်သာရမှာ ဥပဒေစိုးမိုးရေးသည် အများပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါ သည်။ ပြည်သူလူထုအနေဖြင့် အနှစ်သာရကို ကောင်းမွန်စွာ သဘော ပေါက်နားလည်ကြခြင်းသည် ဥပဒေစိုးမိုးရေးအတွက် လွန်စွာအခြေခံကျ သော အချက်တစ်ခုဖြစ်ပါသည်။

ယနေ့ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို နေ့စဉ် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ရှိသူ စာရင်းများ အရသိနေရပါ၏။ ဒုတိယအကျော့ဝင်ရခက်မှုတွင် များပြားတိုးမြင့်လာသည့် အရေအတွက်ကို သတိပြုမိ နေပါ၏။ အစပိုင်း ပြန့်ပွားကူးစက်မှုများတွင် တွေ့ရှိရသည့် ဖြစ်ရပ်များတွင် အခြေအနေအရ ထုတ်ပြန် ထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှုက အရင်းခံနေသည်ကိုလည်း သတိပြုမိပါသည်။

ကေတီဗွီဆိုင်က လူစုလူဝေးကူးစက်မှုသည် ရောဂါပျံ့နှံ့မှုတွင် သိသာ ထင်ရှားသည့် စည်းကမ်းမလိုက်နာမှုကို တွေ့ရမည်ဖြစ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ တာဝန်ကြီး များယူထားရသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆေးဘက် ဆိုင်ရာ ပညာရှင်များက မေတ္တာရပ်ခံကြေညာထားသည်မှာ ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ပြည်သူလူထုက လိုက်နာ စောင့်ထိန်းကြရန်ဟူ၍ဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ စနစ်တကျနှင့် မကြာခဏ လက်ဆေးခြင်း၊ အပြင်သို့ လုံးဝမထွက်ဘဲနေခြင်း၊ မထွက် မဖြစ် ထွက်ရသူများ မျက်နှာဖုံးနှင့် နှာခေါင်း စည်းများကို တပ်ဆင်ခြင်း၊ လူချင်းခြောက်ပေ အနည်းဆုံးခွာကာနေခြင်း၊ လူစုလူဝေးလုံးဝမပြုလုပ်ခြင်း အစရှိသည်တို့ကို တိတိကျကျလိုက်န၁ကြရန်လည်း နှိုးဆော်ထားပါသည်။ | ယခုကြေညာချက်များ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများတို့ သည် ပြည်သူလူထုကို ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူရှိလျှင်လည်း ထိထိ ရောက်ရောက် အရေးယူခြင်းဖြင့် ပြည်သူ

လူထုအများစု၏အကျိုးကို ကာကွယ်စောင့်ရှောက်မည်ဟုနားလည်ပါသည်။  ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန် ဖြစ်သည့် အတွက် ပို၍ စည်းကမ်းရှိကြ၊ ပို၍ဥပဒေလိုက်နာကြခြင်းဖြင့် ဘေးကင်းကျန်းမာ အေးချမ်း တည်ငြိမ်သော အနာဂတ်ကို ကြိုဆိုကြပါစို့။ ။