Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ လေ့ကျင့်နေမှု ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၆

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ အမျိုးသားဘော်လီဘောအသင်း အားကစားသမားများနှင့် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထိုသို့ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အသင်းအဖွဲ့စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် အလေးထားကြိုးစားလေ့ကျင့်သွားရန်မှာကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမား စုစုပေါင်း ၉၀ သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသားဘောလုံး၊ အမျိုးသား ဘော်လီဘော၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်နှင့် အမျိုးသားဂေါက်သီးရိုက်စသည့် အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်