Skip to main content

၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားသံများ

တွေ့ဆုံမေးမြန်း ဟိန်းထက် (ကြေးမုံ)

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်တို့၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-

မြင်းမူမောင်နိုင်မိုး

အမျိုးသားစာပေဆု

စာပဒေသာ

ဆုရတဲ့အမေ့အပြုံးနှင့် အဖေ့မျက်ရည်စာအုပ်လေးနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ ဖြတ်ကျော်ခဲ့ရတဲ့အတွေ့အကြုံကို ကဗျာအဖြစ်လည်းရေးခဲ့တယ်၊ ဝတ္ထုဆောင်းပါးအဖြစ်လည်း ရေးခဲ့တယ်၊ အက်ဆေးပေါ့လေ စာတမ်းပုံစံရေးခဲ့တယ်၊ ကျွန်တော်တို့ခေတ် က ၁၉၇၇၊ ၁၉၇၈ ခုနှစ်ဆိုတော့ နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်နီးပါးပေါ့ အဲဒီထဲက ကျွန်တော်ရေးခဲ့တဲ့ စာတမ်းလေးတွေပေါ့၊ တက္ကသိုလ်ကဏ္ဍလေး တွေမှာပါတဲ့ စာတမ်းလေးတွေ အပါအဝင် နောက်ထပ်ရေးတဲ့ စာတမ်းလေးတွေကိုလည်း ဒီထဲမှာထည့်ရေးထားတယ်။ အမျိုးသား စာပေဆုရဲ့ မူဘောင်အတွင်းမှာတော့ စာပဒေသာဆုနဲ့အကျုံးဝင်တဲ့ အတွက်ကြောင့်မို့လို့ ဆုချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အမေ့ရဲ့ အပြုံးပန်းလေးဟာ သားသမီးတွေအတွက် ဘယ်လောက်ထိ အာဟာရဖြစ်တယ်၊ သားသမီးတွေအတွက် အမေဟာ ဘယ်လောက်အထိ ပင်ပန်းဆင်းရဲခံရတယ်ဆိုပေမယ့် အမေဟာမောတယ်မထင် ပန်းတယ်မထင်ဘဲနဲ့ အမြဲတမ်းအပြုံးပန်းတွေနဲ့ ရွှင်လန်းနေတယ်ဆိုတဲ့ သဘောမျိုးလေးတွေပါတဲ့ အမေကိုယ်စားပြု စာမျိုးရေးခဲ့တယ်။ ကျွန်တော်တို့ အဖေဆိုတာက သားသမီးတွေအပေါ်မှာ ဦးဆောင်ရှာဖွေကျွေးမွေးပြီးတော့ လမ်းကြောင်းအမှန်ကို ပို့ဆောင်ပေးရုံတင်မက အမေတွေလို ဗျစ်တောက် ဗျစ်တောက် ပြောလေ့မရှိဘူး။ ပြီးတော့အဖေ့ရင်ထဲက ခံစားချက်တွေကို သားသမီးတွေက သိအောင်ဆိုပြီး အဖေကဖွင့်ဆို လေ့မရှိဘူး၊ အဲဒါကြောင့် အဖေက အမေ့လောက်သားသမီးတွေကို မချစ်ဘူးလို့လည်း တချို့ကထင်ကြတာပေါ့။ အဲဒီလို မဟုတ်ပါဘူး အဖေတို့မည်သည်မှာ သားသမီးတွေကို ချစ်တဲ့မေတ္တာနဲ့ သံယောဇဉ်တွေ၊ ကြိုးပမ်းအားထုတ်မှုတွေ၊ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေအကုန်လုံးကို သားသမီးတွေရှေ့မှာ ထုတ်ဖော်ပြောပြတာတွေ၊ မျက်နှာအမူအရာမှာ ပြတာတွေမလုပ်ပေမယ့် အဖေသာတကယ်လို့ သားသမီးတွေအတွက် မျက်ရည်တစ်စက်လောက် ကြွေပျက်ခဲ့မယ်ဆိုရင် အဲဒီမျက်ရည်က ပင်လယ်ထက်ကို ကျယ်လိမ့်မယ်ဆိုတဲ့ အတိုင်းမသိ ခန့်မှန်းတိုင်းတာလို့မရအောင် အဖေ့မေတ္တာကကြီးမားတယ်၊ အမေ့မေတ္တာလည်းကြီးမားတယ်ဆိုတာ လူငယ်လူရွယ်တွေကို သိစေချင်တယ်။ လူငယ်လူရွယ် လေးတွေဟာ မိမိရဲ့အမိအဖကို၊ အမိအဖရဲ့ကျေးဇူးကိုသိရှိ နားလည်ပြီး ကျေးဇူးတုံ့ပြန်ပေးဆပ်ချင်တဲ့ စိတ်တွေပေါ်ပေါက်လာစေချင်တဲ့ဆန္ဒနဲ့ရေးခဲ့တာ ဖြစ်ပါတယ်။

သားသမီးတိုင်း မိဘတွေကို ပိုမိုချစ်ခင်စေလိုတဲ့စိတ်၊ ပိုမိုလုပ်ကျွေးပြုစုစေလိုတဲ့ စိတ်၊ တစ်နည်းအားဖြင့် မိဘနှစ်ပါးရဲ့ကျေးဇူးတရားကို သိနားလည်စေလိုတဲ့ စိတ်ဆန္ဒတွေနဲ့အဖေ့အကြောင်း၊ အမေ့အကြောင်းကဗျာတွေ ရေးဖွဲ့ခဲ့ပါတယ်။ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ အဲဒီဟာတွေထဲကမှ တချို့ကိုစုစည်းပြီး အမေ့အပြုံးနှင့် အဖေ့မျက်ရည် စာအုပ်ကို ထုတ်ဝေနိုင်အောင် လုံ့လပြုခဲ့ပါ တယ်။

ကျွန်တော့်အနေနဲ့ ဒီစာအုပ်ကို ရေးဖြစ်အောင်တိုက်တွန်းပေးတဲ့ မြဝတီ၊ ငွေတာရီက စာရေးဆရာတွေ၊ အယ်ဒီတာတွေအပါအဝင် မြဝတီစာပေတိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့က အခုလိုချီးမြှင့်ပေးတဲ့အတွက်လည်းပဲအများကြီး ကျေးဇူးတင်ပါတယ်။

မြင်းမူမောင်နိုင်မိုး၏ အမည်ရင်းမှာ ဦးအုန်းမောင်ဖြစ်ပြီး ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကိုင်းတိုင်းမြောင်မြို့၌ အဖဦးထွန်းဉာဏ်၊ အမိဒေါ်တင်လှ တို့မှဖွားမြင်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့ကို စာရင်းကိုင်စာရင်းစစ်အဓိကဘာသာရပ်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တပ်မတော်တွင် ဒုတိယဗိုလ်အဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခဲ့ပြီးသည်မှ ယနေ့ကာလအထိ နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းနှင့် နိုင်ငံ့ဂုဏ်ရည်စာပေတိုက်တွင် စာတည်း မှူးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

စာပေလောကသို့ ၁၉၆၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ် မေလထုတ် ရှေ့ဆောင်လူငယ်ဂျာနယ် ကဗျာပြိုင်ပွဲ၊ ဒုတိယဆုရ အလုပ်သမားကဗျာသည် ပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရသော စာမူဖြစ်သည်။ ယနေ့အထိ ကဗျာပုဒ်ရေ ၂၀၀၀ ခန့်နှင့် မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ စာပဒေသာပုဒ်ရေ ၂၀၀ ခန့် ရေးသားခဲ့ပြီး အမျိုးသား စာပေဆု(၇)ကြိမ် ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆု (တတိယဆင့်) ရရှိ သည်။ ၂ဝ၂၂ ခုနှစ်တွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသည်။ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်က ချီးမြှင့်သည့် အလင်္ကာကျော်စွာ ဘွဲ့ရရှိသည်။

ဒေါက်တာတင်ထွန်းဦး

အမျိုးသားစာပေဆု

သုတ(အသုံးချသိပ္ပံ)

စာဖတ်သူတွေရဲ့ အားပေးမှုအထူးရရှိခဲ့တဲ့ ဇရာကိုရင်ဆိုင်ခြင်း အနုပညာစာအုပ်ကို အခုလို နိုင်ငံတော်ရဲ့ အသိအမှတ်ပြုခြင်း ခံရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း ၃ဝ လောက်ကြာပြီးမှ အမျိုးသား စာပေဆုကြီးကို တစ်ကျော့ပြန်ရရှိတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်အတွက် တစ်ကြိမ်စီစုစုပေါင်းနှစ်ကြိမ် ဆုရရှိခဲ့ပြီးဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွက် ဖြစ်လို့ ၂၉ နှစ်အကြာမှာ တတိယအကြိမ်မြောက် ရရှိခြင်းဖြစ်ပါတယ်။

ဇရာဆိုတဲ့ (အိုမင်းခြင်း)ကို ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ တားဆီးလို့လည်း မရပါဘူး။ ဒါပေမဲ့ ဇရာကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတွေ ခံစားရခြင်းဆိုတဲ့နာခြင်း၊ တစ်နည်းပြောရရင် ဗျာဓိကိုတော့ ကြိုတင်ကာကွယ် လို့ရပါတယ်။ ထိထိရောက်ရောက် ကုသလို့လည်းရပါတယ်။

ဒီစာအုပ်မှာ ဇရာရဲ့ဖြစ်စဉ်၊ အိုမင်းရခြင်းအကြောင်းရင်းတွေ၊ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ အဲဒီပြဿနာတွေကို ကြိုတင် ကာကွယ်နိုင်တဲ့ နည်းတွေ၊ ကျန်းမာနုပျိုစွာ အသက်ရှည်နည်းတွေ၊ သက်ကြီးရွယ်အိုတွေမှာ ရှိသင့်တဲ့ခံယူချက်တွေ၊ သက်ကြီးရွယ်အိုတွေ အပေါ် ထားရှိသင့်တဲ့ သဘောထားစတဲ့ အခန်းကဏ္ဍတွေအပြင် သက်ကြီးတွေအတွက် စိတ်ခွန်အားဖြစ်စေဖို့ သက်ကြီးရွယ်အိုဖြစ်ရခြင်းရဲ့ အားသာချက်တွေကိုလည်း ပြည့်စုံစွာ ရေးသားဖော်ပြထားပါတယ်။ အထူးသဖြင့်ဇရာကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်သိမ်သိမ်မွေ့မွေ့ အနုပညာမြောက်စွာ ရင်ဆိုင်တတ်ခြင်းကိုလည်း ဦးစားပေးဖော်ညွှန်းထားပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း အသက် ၇၀ ကျော် လာပြီဖြစ်လို့ဇရာရဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင် ကြုံတွေ့နေရတာကြောင့် သက်ကြီးရွယ်အိုတွေကို စာနာမိပါတယ်။ တကယ်တော့ အသက် ၆ဝ ရောက်မှမဟုတ်ဘဲ ၄ဝ၊ ၅ဝ လောက်ကစပြီး ဇရာကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကြိုတင် ကာကွယ်သင့်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေကို အနာရောဂါကင်းရှင်း၍ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နေနိုင်ပြီး ဇရာကို အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို စနစ်တကျ ကြိုးပမ်းပြုစုခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ၁၉၇၂ ခုနှစ်ကတည်းက ပြင်ပစာနယ်ဇင်းတွေမှာ စဉ်ဆက်မပြတ် စာပေရေးသားခဲ့ပြီး စာပေကို အထူးဝါသနာပါခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးပညာပေးလုပ်ငန်းကိုလည်း ဝါသနာပါပြီး အရင်တုန်းက ကျန်းမာရေးပညာဌာနမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ ဆေးပညာနဲ့ စာပေရေးသား ထုတ်ဝေခြင်းကို အခြေခံပြီး အများအကျိုးပြု ကျန်းမာရေး ပညာပေးစာအုပ်တွေ ရေးသားလျက်ရှိပါတယ်။ အဲဒီလို အများအတွက် အကျိုးဖြစ်စေပြီး မိမိဝါသနာလည်းပါ၊ ကျွမ်းကျင်ရာလည်းဖြစ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရနေလို့ မိမိအလုပ်ကိုမိမိ ကျေနပ်အားရခြင်း ဖြစ်နေရပါတယ်။

ပြည်သူလူထုအနေနဲ့ မိမိဘဝအတွက် အကျိုးပြုနိုင်မယ့် စာပေတွေကို တတ်နိုင်သမျှကြိုးစားပြီး ဖတ်ပါ၊ မှတ်ပါ။ အဲဒီကရတဲ့ အချက်အလက်(Information)နဲ့ ဗဟုသုတ(Knowledge)တွေကို စဉ်းစားဆင်ခြင်သုံးသပ်ပြီး မိမိရဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်စေပါ။ ပြောချင်တာက မိမိရဲ့အသိဉာဏ်ပညာနဲ့ အတွေးအခေါ်တွေကို ရင့်သန်ထက်မြက်စေပါ။ အဲဒီအသိဉာဏ်ကိုလက်တွေ့ အသုံးချပြီး မိမိဘဝမှာ ကျန်းမာအောင်မြင် ပျော်ရွှင်နိုင်အောင် ကြိုးစားပါလို့ အကြံပြုချင်ပါတယ်။

ကျွန်တော့်အနေနဲ့ မိမိဘဝရဲ့ တတိယအရွယ်လက်ကျန်အချိန်တွေမှာ အခုလိုပြည်သူ့အကျိုးပြု စာပေတွေကို အတတ်နိုင်ဆုံးဆက်လက်ရေးသား ထုတ်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်။

ဒေါက်တာတင်ထွန်းဦးကို အဖ ဦးမောင်မောင်ခင်၊ အမိဒေါ်ဌေးဌေးတို့က ၁၉၅၄ ခုနှစ်တွင် ဟင်္သာတ မြို့၌ မွေးဖွားသည်။ ငယ်စဉ်ကလေးထပ်ကွမ်းလူရည်ချွန်တစ်ဦးဖြစ်ခဲ့သည်။ အခြေခံပညာအထက် တန်းကို ဧရာဝတီတစ်တိုင်းလုံးတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍ တက္ကသိုလ်ပညာသင်ဆု စကောလားရှစ်ရရှိခဲ့ပြီး ဆေးတက္ကသိုလ်(၂) မှ ၁၉၇၆ ခုနှစ်၌ ဆရာဝန်ဘွဲ့ကို ဆေးပညာ ဂုဏ်ထူးဖြင့် အောင်မြင်ရရှိခဲ့ သည်။ ဆေးပညာမဟာသိပ္ပံ (ပြည်သူ့ကျန်းမာရေး)ဘွဲ့ကို ကျန်းမာရေး စာရင်းအင်းပညာ ဂုဏ်ထူးဖြင့် ၁၉၈၆ ခုနှစ်တွင် ထပ်မံရရှိခဲ့သည်။ ၁၉၇၂ ခုနှစ် မှစ၍ စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့ပြီး ယနေ့အထိ စာနယ်ဇင်းမျိုးစုံတွင် ကလောင်အမည်အမျိုးမျိုးဖြင့် ဆောင်းပါး ၁၉ဝဝ ကျော်နှင့် စာပေ၊ ကျန်းမာရေး၊ အထွေထွေဗဟုသုတ၊ လူငယ်ပညာပေး၊ ခရီးသွား ဆောင်းပါးနှင့် ဝတ္ထုတိုပေါင်းချုပ် တို့အပါအဝင် လုံးချင်းစာအုပ် ၃၃ အုပ်ရေးသားပြုစုခဲ့သည်။ ၁၉၇၆ ခုနှစ်အတွက် ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေးစာမူဖြင့် စာပေဗိမာန်စာမူဆု (ပထမဆု)ကို ရရှိခဲ့ပြီး အမျိုးသားစာပေဆု သုံးကြိမ်ရရှိခဲ့သည်။

၁၉၈၂ ခုနှစ်မှစ၍ သုတစွယ်စုံစာအုပ်တိုက်ကိုတည်ထောင်ခဲ့ပြီး လစဉ်ထုတ်သုတစွယ်စုံမဂ္ဂဇင်းနှင့် အပတ်စဉ်ထုတ် ပြည်မြန်မာသတင်းဂျာနယ်တို့တွင် အယ်ဒီတာချုပ်၊ လစဉ်ထုတ် အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်းနှင့် အပတ်စဉ်ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ်တို့တွင် အတိုင်ပင်ခံအယ်ဒီတာနှင့် စွယ်စုံမီဒီယာဂရု(ပ်)၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးပညာဌာနတွင် ၁၉၉၅ ခုနှစ်အထိ လက်ထောက်ညွှန်ကြားရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၍ ဝန်ထမ်းဘဝမှ မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့ပြီးနောက် စာပေ ရေးသား ထုတ်ဝေရေးလုပ်ငန်းကိုပိုမိုအားစိုက်ဆောင်ရွက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်မြို့ အပြည်ပြည်ဆိုင်ရာ အတ္ထုပ္ပတ္တိဗဟိုဌာနက ချီးမြှင့်သည့် စာပေနှင့် စာနယ်ဇင်းဆိုင်ရာ ၂၁ ရာစု စွမ်းဆောင်ရည် ထူးချွန်ဆု (21st Century Award for Achievement)ကို လက်ခံရရှိ ခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ(၁)၊ မြန်မာနိုင်ငံအားကစား မီဒီယာ များအဖွဲ့ချုပ်တွင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတွင် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့ သည်။ နိုင်ငံတော်ကချီးမြှင့်သည့် လူမှုထူးချွန် (တတိယအဆင့်)ကို ၂ဝ၀၈ ခုနှစ်နှင့် လူမှုထူးချွန် (ဒုတိယအဆင့်)ကို ၂၀၂၂ ခုနှစ် တွင် ရရှိခဲ့သည်။

စဆနိုင်

အမျိုးသားစာပေဆု

ကဗျာ(ဂန္ထဝင်)

သားသမီးတိုင်းအပေါ် အညီအမျှထားတဲ့၊ မိခင်တိုင်းရဲ့ အနန္တမေတ္တာ၊ ​သွေးနဲ့အသက်ကို အချိန်မရွေးပေးဆပ်ရဲတဲ့ အနှိုင်းမဲ့သတ္တိ၊ ဘဝခြားသွားတဲ့အထိ မပြောင်းလဲတဲ့ အတုမရှိကရုဏာ ဒီဂုဏ်ရည် အားလုံးဟာ အမေ့ဆီမှာ တစုတဝေးတည်း ရှိနေပါတယ်။ အမေ့ဆီကနေ ကိုယ်တွေ့ခံစား ထုတ်နုတ်ယူပြီးမှ အမေ့အကြောင်းတွေကို ကဗျာဖွဲ့ခဲ့တာဟာတကယ်တော့ အမေကိုယ်တိုင် ရင်ထဲထိ ထည့်ပေးလိုက်တဲ့ကဗျာတွေဖြစ်လို့ “အမေပေးသော ကဗျာများ” လို့ ခြုံငုံခေါင်းစဉ်တပ် လိုက်ရခြင်းဖြစ်ပါတယ်။