Skip to main content

မျိုးဆက်သစ်လူငယ်လေးတွေကို မှာကြားချင်တာကတော့ စာကိုဖတ်စေချင်ပါတယ်။ ဖတ်တဲ့နေရာမှာလည်းပဲ သုတစာပေရော၊ ရသစာပေရော ဖတ်စေချင်ပါတယ်။

စာရေးဆရာမ မနှင်းဖွေး

ရန်ကုန် နိုဝင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

ဘာသာရပ် - သုတ(အသုံးချသိပ္ပံ)

စာရေးသူ - ဒေါက်တာတင်ထွန်းဦး

စာအုပ်အမည် - ဇရာကို

ရင်ဆိုင်ခြင်းအနုပညာ

စာဖတ်သူတွေရဲ့ အားပေးမှုအထူးရရှိခဲ့တဲ့ ဒီစာအုပ်ကို အခုလိုနိုင်ငံတော်ရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း ၃ဝ လောက်ကြာပြီးမှ အမျိုးသားစာပေဆုကြီးကို တစ်ကျော့ပြန်ရရှိတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်အတွက်တစ်ကြိမ်စီ စုစုပေါင်းနှစ်ကြိမ် ဆုရရှိခဲ့ပြီးဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွက်ဖြစ် လို့ ၂၉ နှစ်အကြာမှာ တတိယအကြိမ်မြောက် ရရှိခြင်းဖြစ်ပါတယ်။

“ဇရာ” ဆိုတဲ့(အိုမင်းခြင်း)ကို ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ တားဆီးလို့လည်းမရပါဘူး။ ဒါပေမယ့် ဇရာကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတွေ ခံစားရခြင်းဆိုတဲ့နာခြင်း၊ တစ်နည်းပြောရရင် “ဗျာဓိ” ကိုတော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ထိထိရောက်ရောက်ကုသလို့လည်း ရပါတယ်။

ဒီစာအုပ်မှာ ဇရာရဲ့ဖြစ်စဉ်၊ အိုမင်းရခြင်းအကြောင်းများ၊ သက်ကြီးရွယ်အိုတွေမှာအဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ၊ အဲဒီပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းများ၊ ကျန်းမာနုပျိုစွာ အသက်ရှည်နည်းများ၊ သက်ကြီးရွယ်အိုတွေမှာရှိသင့်တဲ့ ခံယူချက်များ၊ သက်ကြီးရွယ်အိုတွေ အပေါ်ထားရှိသင့်တဲ့ သဘောထား” စတဲ့အခန်းကဏ္ဍတွေအပြင် သက်ကြီးတွေအတွက် စိတ်ခွန်အားဖြစ်စေဖို့ သက်ကြီးရွယ်အိုဖြစ်ရခြင်းရဲ့ အားသာချက်တွေကိုလည်း ပြည့်စုံစွာရေးသားဖော်ပြထားပါတယ်။ အထူးသဖြင့်ဇရာကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် သိမ်သိမ်မွေ့မွေ့ အနုပညာမြောက်စွာ ရင်ဆိုင်တတ်ခြင်းကိုလည်း ဦးစားပေးဖော်ညွှန်းထားပါတယ်။ ကျွန်တော့်အနေနဲ့ မိမိဘဝရဲ့တတိယအရွယ် လက်ကျန်အချိန်တွေမှာ အခုလို ပြည်သူ့အကျိုးပြုစာပေတွေကို အတတ်နိုင်ဆုံး ဆက်လက်ကြိုးပမ်းရေးသားထုတ်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်ဟု ပြောသည်။

ဒေါက်တာ တင်ထွန်းဦးကို အဖဦးမောင်မောင်ခင်၊ အမိ ဒေါ်ဌေးဌေးတို့က ၁၉၅၄ ခုနှစ်တွင် ဟင်္သာတမြို့၌ မွေးဖွားသည်။ ငယ်စဉ်က “လေးထပ်ကွမ်းလူရည်ချွန်” တစ်ဦးဖြစ်ခဲ့သည်။ အခြေခံပညာအထက်တန်းကို ဧရာဝတီတစ်တိုင်း လုံးတွင်အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍ “တက္ကသိုလ်ပညာသင်ဆု” စကော လားရှစ်ရရှိခဲ့ပြီး ဆေးတက္ကသိုလ်(၂)မှ ၁၉၇၆ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ဆေးပညာဂုဏ်ထူးဖြင့် အောင်မြင်ရရှိခဲ့သည်။ ဆေးပညာမဟာသိပ္ပံ (ပြည်သူ့ကျန်းမာ ရေး)ဘွဲ့ကို ကျန်းမာရေးစာရင်းအင်း ပညာ ဂုဏ်ထူးဖြင့် ၁၉၈၆ ခုနှစ်တွင် ထပ်မံရရှိခဲ့သည်။

၁၉၇၂ ခုနှစ်မှစ၍ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ယနေ့အထိ စာနယ်ဇင်းမျိုးစုံတွင် ကလောင်အမည်အမျိုးမျိုးဖြင့် ဆောင်းပါး ၁၉ဝဝ ကျော်နှင့် စာပေ၊ ကျန်းမာရေး၊ အထွေထွေဗဟုသုတ၊ လူငယ်ပညာပေး၊ ခရီးသွားဆောင်းပါးနှင့် ဝတ္ထုတိုပေါင်းချုပ်တို့ အပါအဝင်လုံးချင်း စာအုပ် ၃၃ အုပ်ရေးသားပြုစုခဲ့သည်။ ၁၉၇၆ ခုနှစ်အတွက် “ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေးစာမူဖြင့် “စာပေဗိမာန် စာမူဆု” (ပထမဆု)ကို ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်အတွက် မူးယစ်ဆေးဝါးနှင့် အေအိုင် ဒီအက်စ်”၊ ၁၉၉၄ ခုနှစ်အတွက် “အားလုံးကျန်းမာပြည်သာယာ”နှင့် ၂၀၂၃ ခုနှစ်အတွက် “ဇရာကိုရင်ဆိုင်ခြင်းအနုပညာ” စာအုပ်တို့ဖြင့် “အမျိုးသားစာပေဆု” သုံးကြိမ်ရရှိခဲ့သည်။

၁၉၈၂ ခုနှစ်မှစ၍ သုတစွယ်စုံစာအုပ် တိုက်ကိုတည်ထောင်ခဲ့သည်။ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးပညာဌာနတွင် ၁၉၉၅ ခုနှစ်အထိ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်မြို့ အပြည်ပြည်ဆိုင်ရာ အတ္ထုပ္ပတ္တိဗဟိုဌာနက ချီးမြှင့်သည့် စာပေနှင့်စာနယ်ဇင်းဆိုင်ရာ ၂၁ ရာစု စွမ်းဆောင် ရည်ထူးချွန်ဆု (21st Century Award for Achievement)ကို လက်ခံရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍ နိုင်ငံတော်အသိအမှတ်ပြု သုတစွယ်စုံစာပေဆုကို ဖော်ဆောင်၍ ပြည်သူ့အကျိုးပြုသုတစာအုပ်ကောင်းများနှင့် စာရေးဆရာများကို စိစစ်ရွေးချယ်ကာ မိမိငွေကြေးဖြင့် ချီးမြှင့်ပေးခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် ကောင်စီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌ(၁)၊ မြန်မာနိုင်ငံ အားကစားမီဒီယာ များအဖွဲ့ချုပ်တွင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတွင် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်ကချီးမြှင့်သည့် လူမှုထူးချွန်(တတိယအဆင့်)ကို ၂ဝ၀၈ ခုနှစ်နှင့် လူမှုထူးချွန် (ဒုတိယအဆင့်)ကို ၂၀၂၂ ခုနှစ်တွင်ရရှိခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ စာရေးဆရာ ဆရာဝန်များအဖွဲ့တို့တွင် နာယက၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းတွင် ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုပ်ပိုးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ(PP)တွင် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား စာပေဆုရွေးချယ်ရေးအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဘာသာရပ် - စာပဒေသာ

စာရေးသူ - မြင်းမူမောင်နိုင်မိုး

စာအုပ်အမည် - အမေ့အပြုံးနှင့်

အဖေ့မျက်ရည်

ဒီစာအုပ်လေးက ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က ကဗျာအဖြစ်လည်းရေးခဲ့တယ်။ ဝတ္ထုဆောင်းပါးအဖြစ်လည်းရေးခဲ့တယ်။ အက်ဆေးပေါ့လေ။ စာတန်းပုံသဏ္ဌာန် လေးရေးခဲ့တယ်။ ကျွန်တော်တို့ခေတ် ၁၉၇၇-၇၈ ခုနှစ်ဆိုတော့ နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်နီးပါးပေါ့။ အဲဒီထဲက ကျွန်တော်ရေးခဲ့တဲ့ စာတမ်းလေးတွေပေါ့။ တက္ကသိုလ်ကဏ္ဍလေးတွေမှာ ပါတဲ့စာတမ်းလေးတွေပါ အပါအဝင်‌နောက်ထပ်ရေးတဲ့ စာတမ်းလေးတွေကိုလည်း ဒီထဲမှာထည့်ရေးထားတယ်။ အခုချိန်မှာတော့ အက်ဆေးလို့လည်း ခေါ်ကြတာပဲလေ။ ရသစာတမ်းပေါ့။ ဒီလိုမျိုးလေးရေးခဲ့တာပါ။ အမျိုးသားစာပေဆုရဲ့မူဘောင် အတွင်းမှာတော့ စာပဒေသာဆုနဲ့အကျုံး ဝင်တဲ့အတွက်ကြောင့် စာပဒေသာဆုမှာ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကရေးခဲ့တဲ့ ကဗျာလေးတွေ ထည့်ပြီးတော့ အသံလွှင့်တယ်ဆိုတဲ့နေရာမှာ မြန်မာ့အသံ၊ Skynet ရုပ်မြင် သံကြား၊ MRTV 4၊ မြဝတီရုပ်မြင်သံကြား အစုံပါပဲ။ ရုပ်မြင်သံကြားတွေကနေ ကျွန်တော် ဒီကဗျာလေးတွေအကြောင်းကို ဘယ်လိုဖြစ်လို့ ဒီလိုရေးဖွဲ့ခြင်းဖြစ်တယ်။

ဘယ်လို အကြောင်းလေးတွေနဲ့ ကျွန်တော်က ပြောဆိုဆွေးနွေးခဲ့တာကို ပြောခဲ့ပါတယ်။ အထူးသဖြင့် ရည်ရွယ်ပြီးရေးခဲ့တဲ့ အကြောင်းတရားလေးတွေကတော့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ဘဝအချို့ဆိုရင်လည်းဒီက‌ဗျာ ဒီစာအုပ်လေးကို ဖတ်ပြီးတော့မှ သြော်ဆရာက ငယ်ငယ်က အတော့်ကို ရုန်းကန်ခဲ့ရတာပါလား။ အဲဒီလောက်ထိ ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ပြောပြခဲ့ပြီးတော့ ဘယ်လောက်ပဲ အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရတာတွေရှိပါစေ ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့မှ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ လုပ်သင့်တာကို လုပ် မယ်။ ဆောင်ရွက်သင့်တာကို ဆောင်ရွက်မယ်။ တစ်နေ့မှာတော့ အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ်လေးတွေ ပါတဲ့ဆောင်းပါးတွေကို ဖတ်ချင်စဖွယ်ဖြစ် အောင် ရေးခဲ့တာဖြစ်ပါတယ်။ ရေးဖြစ်ခဲ့တဲ့ အကြောင်းကလည်း ကျွန်တော့်မိခင် မဂ္ဂဇင်းလို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက ရှေ့ဆောင် လူငယ်ဂျာနယ်၊ ဒို့ကျောင်းသား၊ မြဝတီ၊ ငွေတာရီ၊ မိုးသောက်ပန်း ဒီစာအုပ်တွေမှာပဲ ရေးခဲ့တာဖြစ်ပါတယ်။ မြဝတီ မဂ္ဂဇင်းနဲ့ ငွေတာရီမဂ္ဂဇင်းမှာ အဓိကထား ပြီးတော့ ဒီစာလေးတွေကို ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရေးဖြစ်ခဲ့ပြီး ပါတဲ့စာလေးတွေကို စုဆောင်းပြီးတော့ စာအုပ်ပေါင်းချုပ်လေးထုတ်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ထွက်တဲ့စာအုပ်က ၂၀၂၃ ခုနှစ်ထဲမှာတင်ကိုပဲ ကုန်သွားတာကြောင့် ၂၀၂၄ နှစ်လယ်လောက်မှာ ဒုတိယ အကြိမ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်အနေနဲ့ကတော့ ကျွန်တော်တို့အမေ့ရဲ့အပြုံးပန်းလေးဟာ သားသမီးတွေအတွက် ဘယ်လောက်ထိ အာဟာရဖြစ်တယ်။ သားသမီးတွေအတွက် အမေဟာဘယ်လောက်အထိ ပင်ပန်းဆင်းရဲခံရ တယ်ဆိုပေမယ့် အမေဟာ မောတယ် မထင်ပန်းတယ်မထင်ဘဲနဲ့ အမြဲတမ်းအပြုံးပန်းတွေနဲ့ ရွှင်လန်းနေတယ်ဆိုတဲ့ သဘောမျိုးလေးတွေပါတဲ့ အမေကိုယ်စားပြု စာမျိုးရေးခဲ့တယ်။ ကျွန်တော်တို့ အဖေဆိုတာက သားသမီးတွေအပေါ်မှာ ဦးဆောင်ရှာဖွေ ကျွေးမွေးပြီးတော့ လမ်းကြောင်းအမှန်ကို ပို့ဆောင်ပေးရုံတင်မက အမေတွေလို ပြစ်တောက်ပြစ်တောက်ပြောလေ့မရှိဘူး။ ပြီးတော့ အဖေ့ရင်ထဲက ခံစားချက်တွေကို သား သမီးတွေက သိအောင်ဆိုပြီးအဖေက ဖွင့်ဆိုလေ့မရှိဘူး။ မရှိတဲ့အခါမှာ အဖေက အမေ့လောက် သားသမီးတွေကို မချစ်ဘူးလို့လည်း တချို့ကထင်ကြတာပေါ့နော်။ အဲဒီလိုမဟုတ်ပါဘူး။ အဖေတို့မည်သည်မှာ သားသမီးတွေကို ချစ်တဲ့မေတ္တာနဲ့ သံယောဇဉ်တွေ၊ ကြိုးပမ်းအားထုတ်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ဘဝ အခက်အခဲတွေ အကုန်လုံးကို အဖေ့ရဲ့ခံစားချက်ထဲမှာ သားသမီးတွေအတွက် ထုတ်ဖော်ပြောပြ ခြင်းမှ မျက်နှာအမူအရာမှာမပြပေမယ့် အဖေသာ တကယ်လို့ သားသမီးတွေ အတွက် မျက်ရည်တစ်စက်လောက်ကြွေပျက်ခဲ့မယ်ဆိုရင် အဲဒီမျက်ရည်က ပင်လယ်ထက်ပင် ကျယ်လိမ့်မယ်ဆိုတဲ့ အတိုင်းမသိ ခန့်မှန်းတိုင်းတာလို့မရအောင် အဖေ့မေတ္တာကကြီးမားတယ်။ အမေ့မေတ္တာလည်း ကြီးမားတယ်။ လူငယ်လူရွယ်တွေအနေနဲ့ သိစေချင်တယ်။ အဲဒီလိုပဲ ထပ်ဆင့်ထပ်ဆင့်ပြီးတော့မှ ချဲ့ထွင်စဉ်းစားလိုက်မယ်ဆိုရင် အမိ မြန်မာနိုင်ငံကိုလည်းပဲ တစ်ခါတစ်ရံမှာ အဖေနဲ့အမေလိုတင်စားပြီး ကျွန်တော်တို့ရေးခဲ့တဲ့ စာစုလေးတွေရှိပါတယ်။ အဲဒီလိုပဲ လူငယ်လူရွယ်လေးတွေဟာ မိမိရဲ့အမိအဖကို အမိအဖရဲ့ကျေးဇူးကို သိရှိနားလည်ပြီး အမိအဖကို ကျေးဇူး တုံ့ပြန်ပေးဆပ်ချင်တဲ့ စိတ်တွေပေါ်ပေါက်လာစေခြင်တဲ့ ဆန္ဒနဲ့ရေးခဲ့တာ ဖြစ်တယ်။ အမိမြန်မာနိုင်ငံအပေါ်မှာလည်းပဲ တာဝန်ကျေပွန်တဲ့စိတ်တွေ အမိမြန်မာနိုင်ငံကို ချစ်မြတ်နိုးရကောင်းမှန်း သိတဲ့အသိ ကိုယ့်နိုင်ငံရဲ့နယ်နိမိတ်တွေ ကိုယ့်နိုင်ငံရဲ့ပိုင်နက်နယ်မြေတွေကို တည်တံ့ခိုင်မြဲအောင် စောင့်ရှောက်ကာကွယ်စေလိုတဲ့ စိတ်ဆန္ဒနဲ့ ဂုဏ်ပြုရေးသားတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အမေ့အပြုံးနဲ့ အဖေ့မျက်ရည်ဆိုတဲ့ ရေးဖြစ်အောင်တိုက်တွန်းပေးတဲ့ မြဝတီ၊ ငွေတာရီက စာရေးဆရာတွေ အယ်ဒီတာ တွေအပါအဝင် မြဝတီစာပေတိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကနေပြီးတော့မှ အခုလိုချီးမြှင့်ပေးတဲ့အတွက်လည်းပဲအများကြီး ကျေးဇူးတင်ပါတယ်ဟု ပြောသည်။

ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)ကို ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကိုင်းတိုင်းမြောင်မြို့၌ အဖ ဦးထွန်းဉာဏ်၊ အမိဒေါ်တင်လှတို့မှ ဖွားမြင်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့ကို စာရင်းကိုင်စာရင်းစစ် အဓိကဘာသာ ရပ်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၃ မှ ၁၉၇၅ အထိ မြန်မာနိုင်ငံစာရင်းကောင်စီတွင် လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်း(Certified Public's Accountant) ကို အပိုင်း(၂)အထိ တက်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တပ်မတော်တွင် ဒုတိယဗိုလ်အဆင့်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခဲ့ပြီးသည်မှ ယနေ့ကာလ အထိ နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းနှင့် နိုင်ငံ့ ဂုဏ်ရည်စာပေတိုက်တွင် စာတည်းမှူး ချုပ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။

စာပေလောကသို့ ၁၉၆၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ် မေလထုတ် ရှေ့ဆောင်လူငယ်ဂျာနယ်ကဗျာ ပြိုင်ပွဲ၊ ဒုတိယဆုရ အလုပ်သမားကဗျာသည် ပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရသော စာမူဖြစ်သည်။ ယနေ့အထိ ကဗျာပုဒ်ရေ ၂၀၀၀ ခန့်နှင့် မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ စာပဒေသာ ပုဒ်ရေ ၂၀၀ ခန့် ရေးသားခဲ့ပြီးဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် သံလွင်ကမ်းမှ ပန်းအိပ်မက် စာအုပ်၊ ၁၉၉၁ ခုနှစ်တွင် နာဂတောင်တန်းပွင့်တဲ့ပန်း စာအုပ်၊ ၁၉၉၈ ခုနှစ်တွင် ခယောင်းလမ်းနှင့် ပန်းသပြေစာအုပ်၊ ၂၀၀၁ ခုနှစ်တွင် နွေမိုးဖျန်းပက် ပန်းတစ်ခက်စာအုပ်၊ ၂၀၀၃ ခုနှစ်တွင် လောကနီတိကဗျာများ စာအုပ်၊ ၂၀၁၆ ခုနှစ်တွင် ဘဝကျောင်းမှ စောင်းခတ်သံ ကဗျာများ စာအုပ်၊ ၂၀၁၀ ပြည့်နှစ်တွင် အလွမ်းသတင်းပန်းတစ်ခင်း ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆုခုနစ် ကြိမ် ရရှိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု (တတိယဆင့်) ရရှိသည်။၂ဝ၂၂ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုရရှိသည်။ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်က ချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ရရှိသည်။

ယခုအခါ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် ဥက္ကဋ္ဌတာဝန်၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌတာဝန်၊ ၁၉၉၉ ခုနှစ်မှစ၍ အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆု၊ ပခုက္ကူ ဦးအုံးဖေစာပေဆုရွေးချယ် ရေးအဖွဲ့ဝင်တာဝန်၊ တပ်မတော်နေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကဗျာပြိုင်ပွဲများတွင် ဆုရွေးချယ်ရေးအဖွဲ့ဝင် အစရှိသည့် စာပေတာဝန်များအပြင် ၂၀၀၆ ခုနှစ်မှစ၍ ယနေ့အထိ မြန်မာ့ရိုးရာ အဆိုအကအရေးအတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် အကဲဖြတ်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီဆု) ရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ သည်။ ရေးသားခဲ့သော ကဗျာများအနက် ကဗျာ၂၄ပုဒ်ကို မလေးရှားနိုင်ငံ၊ ကိုရီးယား နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ မြန်မာ့ အသံ၊ မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ Sky Net ရုပ်မြင်သံကြားနှင့် Readers Channel တို့တွင် မြတ်နိုး ဖွယ်ရာ မြန်မာကဗျာ၊ ကဗျာအမြင် စာအမြင်၊ ဘဝထဲကကဗျာ ကဗျာထဲက ဘဝစသည့်အစီအစဉ်များမှ မိမိရေးသားခဲ့သော ကဗျာများနှင့် ပတ်သက်၍ ကဗျာပုဒ်ရေ ၇ဝဝ ကျော်ခန့် အသံလွှင့်ဟောပြောရိုက်ကူးခြင်းများကို ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း ပြုလုပ်ဆဲဖြစ်သည်။

ဘာသာရပ် - ဝတ္တုတို

စာရေးသူ - မနှင်းဖွေး

စာအုပ်အမည် - လောကပြတင်း

မဂ္ဂဇင်းဝတ္တုများ 

ဝမ်းသာပီတိကတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်လောက် ကတစ်ခါ အမျိုးသားစာပေဆုရဖူးပါတယ်။ ၁၉၆၇ ခုနှစ်မှာပေါ့။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်သွားပြီ။ ၅၀ ကျော် မှာ နောက်ထပ်တစ်ခါထပ်ရတော့ အတိုင်းမသိဝမ်းသာမိပါတယ်။ ဒါကတော့ ဝတ္ထုတိုပေါင်းချုပ်ပါ။ ဝတ္ထုတိုပေါင်းချုပ်ဖြစ်တဲ့အတွက်ကြောင့် ဝတ္ထုတို ၁၆ ပုဒ်ပါပါတယ်။ အဲဒီ ၁၆ ပုဒ်မှာတော့ စန္ဒာမဂ္ဂဇင်းစသဖြင့်ပေါ့။ မဂ္ဂဇင်းတွေထဲကနေပြီး ကောင်းနိုးရာရာ ၁၆ ပုဒ်ကို ရွေးပြီး စုစည်းပြီးတော့ ဒီစာအုပ်လေးကို စီစဉ်တာပါ။ အဲဒီထဲမှာ အကြောင်းအရာကတော့ ဝတ္ထုဆိုတာ လူတွေအကြောင်း ရေးတာပေါ့။ လူတွေကိုလေ့လာပြီးတော့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ ကိုယ်ကြားဖူးတဲ့ အကြောင်းအရာတွေ အဲဒါတွေကို လေ့လာပြီး လူတွေရဲ့စရိုက် လူတွေရဲ့ ဘဝ၊ လူတွေရဲ့ခံစားချက်၊ လူတွေရဲ့ မျှော်လင့်ချက် အဲဒါလေးတွေကို စုစည်း ပြီး အနုပညာနဲ့မွမ်းမံပြီးတော့ ရေး ဖြစ်တာပါ၊ စာပေကတော့ လူ့ဘဝမှာ အရေးကြီးဆုံးပဲလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေကသာလျှင် လူတစ်ယောက်ကို ပြုပြင်ပေးနိုင်တာပါ။ ဥပမာ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား နဲ့ပတ်သက်တဲ့ ဘာသာတရား အဆုံးအမရယ်၊ စာပေရယ်အဲဒါကနေပဲ ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ဆုံးမနိုင်တယ်။ အဲဒါကြောင့် စာပေဟာလူ့ဘဝမှာ အရေးကြီးတယ်လို့ ယူဆပါတယ်။ မျိုးဆက်သစ် လူငယ်လေးတွေကို မှာကြားချင်တာကတော့ စာကိုဖတ်စေချင်ပါတယ်။ ဖတ်တဲ့နေရာမှာလည်းပဲ သုတစာပေရော၊ ရသစာပေရော ဖတ်စေချင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်ဖို့အတွက်ကတော့ စာတွေဖတ်ရမယ်၊ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်မယ့်အရာတွေကို ရှောင်ရှားရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုအခါမှာ လူငယ်တွေကိုပဲ အားကိုးရမယ့် အချိန်ဖြစ်ပြီး အနာဂတ်နိုင်ငံမှာ ကျန်းမာသန်စွမ်းပြီး ဆင်ခြင်တုံတရားရှိတဲ့ လူငယ်လေးတွေလက်ထဲမှာ ကျွန်မတို့လို အသက်ကြီးတဲ့သူတွေက ကိုယ့်နိုင်ငံကို အပ်နှင်းခဲ့ချင် တယ်လို့ ပြောချင်ပါတယ်ဟု ပြောသည်။

မနှင်းဖွေးကို အဖ ဦးမျိုးသွင်၊ အမိ ဒေါ်မြဟန်တို့မှ ၁၉၄၆ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် မိုးကုတ်မြို့၌ မွေးဖွားသည်။ လားရှိုးမြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ တို့တွင် ပညာသင်ကြားခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရူပဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ကိုလည်း ကောင်း၊ ၁၉၉ဝပြည့်နှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့မှ ဂျာနယ်လစ်ဇင် ဒီပလိုမာ DJ(Berlin)ကို လည်းကောင်း ရရှိခဲ့သည်။

အသက် (၁၄)နှစ်အရွယ်တွင် တိုင်းရင်းမေဂျာနယ်၌ပါရှိသော “နှောင်းခဲ့ပြီ ကောကွယ်” ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် “တောင် ခိုးငွေ့ငွေ့ကြားဝယ်” ဝတ္ထုရှည်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် “အတ္တနောမတိ” မဂ္ဂဇင်း ဝတ္ထုရှည်ဖြင့် ရွှေအမြုတေစာပေဆုနှင့် ၂ဝ၁၇ ခုနှစ်တွင် “မန္တလေးသို့သွားနေသည်နှင့် အခြားအတွေးစာစုများ” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုကိုလည်း ရရှိခဲ့သည်။

မြဝတီ၊ ငွေတာရီ၊ ပေဖူးလွှာ၊ ကလျာ၊ မဟေသီ၊ စံပယ်ဖြူ၊ စန္ဒာ၊ လုံမလေး၊ ရွှေအမြုတေ၊ ရုပ်ရှင် အမြုတေ၊ ရုပ်ရှင်အောင်လံ၊ သာရ၊ ရွှေသမင်၊ Health for All, Eternal Light စသည့် မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးနှင့်အက်ဆေးများ ရေးသားခဲ့သည်။ ရေးပြီးသမျှ ဝတ္ထုတိုများထဲမှ “မပိုင်ချစ်”၊ “သူခိုး” နှင့် “ကိုယ်လိုလူစားအများကြီးပဲ” အမည်ရှိ ဝတ္ထုတိုသုံးပုဒ်ကို ဂျပန်ဘာသာ သို့လည်းကောင်း၊ “ဆင်သာဆင်မယဉ်သည့်ပန်း” ဝတ္ထုတိုကို ရုရှားဘာသာသို့ လည်းကောင်း ဘာသာပြန်ဆိုခြင်းခံရပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၁၉၆၈ ခုနှစ်မှ စတင်၍ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန် တာဝန်ခံစာတည်းတာဝန်မှ နှစ်ပြည့် အငြိမ်းစားယူခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွင် ဗဟို အမှုဆောင်ကော်မတီဝင် တစ်ဦးအဖြစ်တာဝန်ယူရင်း စာပေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။