Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဟိုပန်မြို့ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ

ဟိုပန်    စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် အဖွဲ့ဝင်များဖြစ်သည့် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့ လိုက်ပါလျက် ယနေ့နံနက် ၁၀နာရီခွဲ အချိန်က ဟိုပန်မြို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အစည်းအဝေးခန်းမတွင် “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ တိုင်း / ခရိုင် / မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအဲလီရှဲက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေကို လည်းကောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူကျော် က Facility Quarantine ပြင်ဆင်ထားရှိမှု၊ မြို့ဝင်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှု၊ ကြိုတင်ကာကွယ်ရေးအတွက် နှားခေါင်းစည်းဖြန့်ဝေခြင်း၊ ပညာပေးလှုံ့ဆော်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေ(၁၀)သိန်း၊ Mask(၂၅၀၀)ခု၊ ဟိုပန်မြို့နယ်ရှိ အသက်(၈၀)မှ (၈၅)နှစ်အထိ သက်ကြီးဘိုးဘွား (၆၂)ဦးအတွက် CERP အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အုန်းဝင်းနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက်တို့က လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများမှ Social Distancing နှင့်အညီမဲပေးနိုင်ရေး၊ လုံခြုံမှုရှိစေရေးအတွက် မြန်မာနိုင်ငံရဲ၊ တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ မဲရုံနှင့် မဲရုံပုရဝဏ်အကျယ်အဝန်း တိုးချဲ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံကျသည့် နှာခေါင်းစည်းတပ်ဆင်ရေး၊ စနစ်တကျလက်ဆေးရေး၊  တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်ရေး၊ လူစုလူဝေးရှောင်ကြဉ်ရေးအချက်တို့ကို လိုက်နာဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)