ဘားအံ၊ စက်တင်ဘာ ၂၃
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Northern Light (Hpaan) ltd ၏ အဆင့်မြင့်ဟိုတယ်နှင့် အပန်းဖြေစခန်း(၁) ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းသည် ဦးပိုင်အမှတ် (၁၇/၅,၁၉/၁)၊ (၁၇/၆,၁၉/၂)၊ ဇွဲကပင်တောင်ကြား၊ ပိုင်ယန်းလမ်း၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်ရှိ မြေ ၈ ဒသမ ၄၉ ဧကတွင် မတည်ငွေရင်းပမာဏ ၄,၀၈၆ သန်း (US$ ၀ ဒသမ ၇၃ သန်း အပါအဝင်) ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းဖြစ်ပြီး ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း ၂၄ ခု ဖန်တီးပေးနိုင်မည် ဖြစ်သည်။
ကမ္ဘာနှင့်အဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေသအတွင်းဝင်ရောက်လာမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၊ အတည်ပြုမိန့်နှင့် ခွင့်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်အသုံးစရိတ်များလျော့ကျပြီး လုပ်ငန်းပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ဧပြီလ ၂၀ ရက်နေ့မှစ၍ မူလ ဝန်ဆောင်စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျော့ချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)