Skip to main content

ကိုဗစ်ရောဂါကာကွယ်ရေးကို တစ်ဦးတစ်ယောက်မှဖောက်ဖျက်လို့ မဖြစ်ပါဘူး။ တစ်ဦးတစ်ယောက် ဖောက်ဖျက်လိုက်တာနဲ့ ဒီရောဂါကူးစက်မှုကွင်းဆက်က ကျိုးပေါက်သွားမှာဖြစ်ပါတယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]

ရန်ကုန်တိုင်းဒေသကြီးမှာ Positive လူနာတွေ့ရှိမှုအနေနဲ့ ၅၀၀ ပတ်ဝန်းကျင်မှာရှိနေတုန်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယခင်က လူနာ ၃၀၀/၄၀၀ အတွက် ပြင်ဆင် တာကနေ ယခုလူနာ ၅၀၀/၆၀၀အတွက် ပြင်ဆင်လာရပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၀ ရက်မှာ နိုင်ငံတော်က Stay at Home ကြေညာပြီး လိုက်နာ ဆောင်ရွက်ရမယ့်အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရခြင်းက ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။ ဒီရောဂါမျိုးက ကူးစက်မှုကို ထိန်းချုပ်နိုင်မှသာ တစ်ဖက်ကကုသမှုနဲ့စောင့်ရှောက်မှုအပိုင်းတွေဟာ ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အဆင့်နောက်တစ်ဆင့်တက်တဲ့အနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။

နောက်တစ်ဖက်က ကူးစက်မှုကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဆေးတက္ကသိုလ်တွေက ဆရာ ၄၀ နဲ့ ဘွဲ့လွန်/ဘွဲ့ကြိုကျောင်းသား ၂၀၀ ပါဝင်တဲ့ Contact Tracing လုပ်ငန်းတွေမှာ အားဖြည့်ဆောင်ရွက်ဖို့အတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ယခုလုပ်ငန်းတွေ စတင်ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ ဒီ Contact Tracing လုပ်ငန်းက အဓိကကျပါတယ်။ Contact Tracing ကနေပြီး ကူးစက်မှုကွင်းဆက်ကို ဖြတ်နိုင်မှသာလျှင် ကျွန်တော်တို့ရဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းက အောင်မြင်မှာ ဖြစ်ပါတယ်။

အလားတူ ယမန်နေ့က ကွန်ပျူတာတက္ကသိုလ်တွေနဲ့ စက်မှုတက္ကသိုလ်တွေက ပါမောက္ခချုပ် များနဲ့ ဒီကပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသတဲ့နေရာမှာ ဒေတာ(Data)နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အတွက် Zoom Meeting နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီလုပ်ငန်းမှာ တက္ကသိုလ်အသီးသီးက တက်ကြွစွာပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကို သိရတဲ့အတွက် အထူးဝမ်းသာပါတယ်။ အားလည်းရပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတက္ကသိုလ်တွေကိုလည်း ဒီကနေတစ်ဆင့် ဖိတ်ခေါ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ကျွန်တော်တို့ကိုကူညီအားဖြည့်တဲ့အနေနဲ့ ကျန်းမာရေးဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ကျော်မြင့်ဦးဆောင်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအဖွဲ့က အဖွဲ့ဝင်ခုနစ်ဦးနဲ့အတူ ဝိုင်းဝန်းပြီး ဆေးဘက်နည်းပညာပိုင်းဆိုင်ရာများကို ကူညီပံ့ပိုးပေးကြမှာ ဖြစ်ပါတယ်။ ဒီလိုဆရာဝန်ကြီးတွေက ဦးဆောင်လမ်းညွှန်မှုတွေ၊ အကြံဉာဏ်တွေပေးမယ်ဆိုတဲ့အတွက် ကျွန်တော်တို့အထူးဝမ်းသာပါတယ်။ အားလည်းရှိလာပါတယ်။ ဒီလိုမျိုးအတွေ့အကြုံရှိ ဆရာ ကြီးတွေက သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးခြင်းနဲ့ အကြံဉာဏ်ပေးမှုတွေ၊ အားပေးမှုတွေက ကျွန်တော်တို့ရဲ့ ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေးအပိုင်းမှာ ပါဝင်လာမှာဖြစ်တဲ့အတွက် အင်အားပိုပြီးကောင်းလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုဗစ်ရောဂါကို အောင်နိုင်မယ့်လမ်းစတွေ ပိုမိုရရှိလာပြီလို့မြင်ပါတယ်။ ဆရာကြီးတွေအနေနဲ့ မိမိတို့ရဲ့ အသက်အရွယ်ကြီးရင့်မှုကို အလေးမထားဘဲ ယခုလိုအချိန်ပေးပြီး ပူးပေါင်းပါဝင်ကူညီ ဆောင် ရွက်တာကို ကျွန်တော်တို့အနေနဲ့ လေးစားဂုဏ်ယူပါတယ်။ ဂါရဝလည်းပြုပါတယ်။ အထူးကျေးဇူးတင်ကြောင်းကိုလည်း ကျွန်တော် ဒီကနေတစ်ဆင့် ပြောကြားလိုပါတယ်။

ဒီနေ့အခြေအနေအရ ကျွန်တော်တို့လက်ထဲမှာ လူနာတင်နိုင်တဲ့ အနေအထားက ခုတင်ပေါင်း ၂၅၀၀ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့ကို လူနာ ၄၀၀ ကျော်/၅၀၀ရှိနေတဲ့နှုန်းနဲ့ ကျွန်တော်တို့ဆက်လက်ပြီး လူနာတွေကို ပြုစုကုသစောင့်ရှောက်ဖို့အတွက် ခုတင်နဲ့နေရာတွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ ဒါကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ယခင် ကျွန်တော်တင်ပြထားခဲ့သလို အောင်မြင့်မိုရ်အိမ်ရာနဲ့ ရိုးမအိမ်ရာတွေမှာ ပြင်ဆင်ထားတာတွေကို ယနေ့ သွားကြည့်ပါတယ်။ ရိုးမအိမ်ရာက နောက်ထပ်ရရှိတဲ့ ခုတင် ၅၇၆ ခုတင်အနက် ဒီနေ့မှာ လူနာထားရှိနိုင်မယ့် ခုတင် ၂၈၈ ခုတင်ကို ပြင်ဆင်ပြီး ဖြစ်တာကို တွေ့ရှိရပါတယ်။ မနက်ဖြန်မှာ နောက်ထပ် ၂၈၈ ခုတင်ပြီးစီးမှာ ဖြစ်တဲ့အတွက် ရိုးမအနေအထားက ခုတင် ၁၀၈၀ ဆံ့တဲ့ ဆေးရုံအဖြစ် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

အလားတူ ဒီနေ့ အောင်မြင့်မိုရ်အိမ်ရာကို သွားကြည့်ခဲ့ပါတယ်။ အောင်မြင့်မိုရ်အိမ်ရာမှာ လူနာ ၁၄၄ ဦးဆံ့တဲ့ အဆောင်နှစ်ဆောင် အဆင်သင့် ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ စက်တင်ဘာ ၂၃ ရက်မှာ အောင်မြင့်မိုရ်အိမ်ရာအနေနဲ့ လူနာတွေကို စတင်လက်ခံပြီး ပြုစုစောင့်ရှောက် နိုင်ဖို့ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။ ဒါတွေအားလုံး တစ်ပြိုင်နက်တည်း ပြီးစီးသွားရင် အောင်မြင့်မိုရ်အိမ်ရာအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ ခုတင် ၁၅၀၀ ဆံ့ ကိုဗစ်ကုသရေးစင်တာတစ်ခုအနေနဲ့ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် လူအင်အားနဲ့ ပစ္စည်းအင်အားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပံ့ပိုးပေးသွားဖို့အတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။ မနက်ဖြန်ကနေစပြီး ဒီနေရာကို ကြိုတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေအတွက် ပြင်ဆင်သွားမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ သတင်းစကားပါးအပ်ပါတယ်။

ဒီလို အစစအရာရာ ပြည့်စုံအောင် ဦးဆောင်ဦးရွက်ပြုပြီး ပြင်ဆင်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အထူးကျေးဇူးတင်ပါတယ်။ ယခု ကျွန်တော်တို့ လက်ထဲမှာ ခုတင် ၄၀၀၀ ကျော်/ ၅၀၀၀ ရှိပြီး လူနာတွေကို ပြုစုကုသနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ရန်ကုန်အနေနဲ့ ကိုဗစ် - ၁၉ ကို ခုခံကာကွယ်တဲ့နေရာမှာ ဒါတွေက ခံတပ်တွေအနေနဲ့ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့တန်းတွေအနေနဲ့ Community Based Facility Quarantine တွေ၊ Contact Tracing တွေ၊ ပြည်သူ့ ကျန်းမာ ရေးဘက်ကနေပြီး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက် တန်းအနေနဲ့ ဆေးရုံတွေနဲ့ ခုခံကာကွယ်ကြမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရန်ကုန်ရဲ့ ကိုဗစ်တိုက်ပွဲကို အောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ကြောင်း ဒီကနေတစ်ဆင့် ပြောကြားလိုပါတယ်။

ဒီလိုအောင်နိုင်ဖို့အတွက် အဓိက က ပြည်သူလူထုပါ။ ရောဂါကာကွယ်ရေးက အဓိက ဖြစ်ပါတယ်။ ရောဂါကာကွယ်နိုင်ခြင်းမှသာလျှင် ရောဂါဖြစ်တဲ့သူတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရမှုက လျော့ပါးသွားမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့သူတွေ လျော့ပါးသွားမှသာလျှင် ကျွန်တော်တို့ပြုစုစောင့်ရှောက်တဲ့နေရာမှာ ပိုမိုပြီးပြည့်စုံစွာနဲ့ ပြုစုစောင့် ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြုစုစောင့်ရှောက်နိုင်မှ အောင်အောင်မြင်မြင်ကုသနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရောဂါကာကွယ်ရေးက အဓိကကျပါတယ်။ ဒီရောဂါကာကွယ်ရေးမှာလည်း ပြည်သူ လူထုသာလျှင် အဓိကဖြစ်ပါတယ်။ တစ်ဦး၊ တစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ သူများကိုမကူးအောင် ကာကွယ်ဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှ တစ်မိသားစုချင်းစီ၊ တစ်မိသားစုချင်းစီမှ တစ်လမ်းချင်းစီ၊ တစ်ရပ်ကွက်ချင်းစီ၊ တစ်မြို့ချင်းစီနဲ့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကာကွယ်ရေးကို တစ်ဦးတစ်ယောက်မှ ဖောက်ဖျက်လို့ မဖြစ်ပါဘူး။ တစ်ဦးတစ်ယောက် ဖောက်ဖျက်လိုက်တာနဲ့ ဒီရောဂါကူးစက်မှု ကွင်းဆက်ကကျိုးပေါက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံး ဒီနေရာမှာ တစ်ဦးတစ်ယောက်မကျန် ရောဂါကာကွယ် ရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့အတွက် အထူးအရေးကြီး ပါတယ်။ ဒီဟာကို နှစ်ပတ်အတွင်းမှာ အသေအချာသည်းခံခွင့်လွှတ်လိုက်နာဖို့ သိပ်ပြီး အရေးကြီးပါတယ်။ လိုက်နာကြပါလို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။

အလားတူ Positive လူနာတွေအနေနဲ့ ပြုစုကုသပေးနေတဲ့ ဆေးရုံတွေမှာ လာရောက်ကုသမှု ခံယူစဉ် မပြည့်စုံမှုတွေ ရှိနေရင် သည်းခံခွင့်လွှတ်ပြီး လာရောက်ကုသမှုခံယူခြင်းသာလျှင် ရန်ကုန်ကို ကိုဗစ်ရောဂါကူးစက်မှုကနေ ဖြတ်တောက်နိုင်ရေးအတွက် အရေးကြီးကြောင်း ဒီနေရာကနေတစ်ဆင့် ထပ်မံပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ပါမောက္ခဒေါက်တာဇော်ဝေစိုး

ထက်လျှံ