Skip to main content

ကချင်အမျိုးသားကွန်ဂရက်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်၊ စက်တင်ဘာ ၂၂

ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ၎င်းတို့၏ မူဝါဒ၊ သဘော ထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် မင်္ဂလာနေ့ရက်ဖြစ်ပါစေလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ ကချင်အမျိုးသားကွန်ဂရက်(KNC)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော်တို့ပါတီ(KNC)အကြောင်း မိတ်ဆက်ပေးပါရစေ။

(KNC)ပါတီဟာ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ကချင်ပြည်နယ်နေ့မှာပဲ ကချင်ပြည် နယ်နေ့ကို ဂုဏ်ပြုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ခဲ့သော ဒူဝါဇော်လွန်၊ ဒူဝါဦးကြီးထိန်နန်၊ ဒူဝါဒိန်ရတန်တို့ ဦးဆောင်ခဲ့ပြီး ဆရာအက်စ်ဂွမ်ဂမ်၊ ဒူဝါရှောင်ဂျုံး၊ ဦးထွန်းတင်တို့မှ ပါဝင်ထူထောင်ခဲ့ပါတယ်။ ၁၉၅၂ မှာ ဒူဝါဇော်လွန်၊ ၁၉၅၇ မှာ ဒူဝါဇန်ထဆင် (KNC) ဥက္ကဋ္ဌများမှ ကချင်ပြည်နယ်အစိုးရကိုဦးဆောင်ခဲ့တဲ့ နိုင်ငံရေးသမိုင်းရှိခဲ့ပါတယ်။ ၂၀၁၃ မှာ ပြန်လည်ပြီးတော့မှ ပြည်နယ်ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှာ ပြည်ထောင်စုပါတီအဖြစ် ရပ်တည်လာခဲ့ပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းတွင် ၁၇ နေရာ၊ ကချင်ပြည်နယ်ပြင်ပ ပြည်ထောင်စုနေရာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင် တိုင်းရင်းသားရေးရာတစ်နေရာ၊ နမ္မတူပြည်သူ့လွှတ်တော်နှင့် နမ္မတူပြည်နယ်လွှတ်တော်အမတ်တစ်နေရာ စုစုပေါင်း နေရာ ၂ဝ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုခင်ဗျား ....။ ဆက်လက်ပြီး KNC ပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ရည်မှန်းချက်၊ ရွေးကောက်ပွဲကြွေးကြော်သံ၊ ရွေးကောက်ပွဲကတိများ ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။

KNC ပါတီ၏ မူဝါဒများ

၁။ နိုင်ငံရေးမူဝါဒ

ကချင်တို့နှင့် နိုင်ငံသားများ၏ မူလတန်ဖိုးနှင့် ဆုံးရှုံးသွားသော အမျိုးသားရေးလက္ခဏာများ ပြန်လည်ရယူတည်ဆောက်ရေးအမြင် Neo-conservatism political ideology အပေါ် အခြေခံပြီး အမျိုးသားအကျိုးစီးပွားဘက် အားသာချက်ရှိသော အလယ်အလတ်လမ်းစဉ်အား ယနေ့ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အား တည် ဆောက်ရန် Center Right Progressive Liberalism မူဝါဒ ဖြစ်သည်။

၂။ စီးပွားရေးမူဝါဒ

နိုင်ငံ့သယံဇာတကို မှီခိုသော စီးပွားရေးမှ ထုတ်ကုန်အမှီပြု စီးပွားရေးကို အလျင်အမြန် ပြုပြင်ပြောင်းလဲရေးဖြစ်သည်။

- Macro economic အကြီးစားစီးပွားရေးတွင် တရုတ်နှင့်သာမက အနောက်ဥရောပ၊ အရှေ့အာရှ၊ အမေရိကနှင့် အာဆီယံနိုင်ငံများနှင့် မျှတစွာယှဉ်ပြိုင်ရေးမူ Competitive policy ကို  ကျင့်သုံးမည်။

- Micro economic အသေးစားစီးပွားရေးအနေနှင့် ပြည်တွင်း စိုက်ပျိုးရေးထုတ်ကုန်များပြည်တွင်းအသေးစားစက်မှုထုတ်ကုန်များ၊ SME များ ထုတ်ကုန်ပထမမူဝါဒ ကျင့်သုံးမည်။

- Fiscal policy ဖြစ်တဲ့ ဖြစ်သင့်သော အခွန်ကောက်ခံရေးနဲ့ အစိုးရယန္တရားလည်ပတ်မှု  ဆောင်ရွက်မည်။

- Monetary principle အနေနှင့် ငွေကြေးတည်ငြိမ်မှု လုပ်ငန်းစဉ် ဆောင်ရွက်မည်။

၃။ လူမှုရေးမူဝါဒ

ပြည်မကလူထုခံစားရရှိနေသော လူတစ်ဦးချင်း နိုင်ငံသားအခွင့်အရေးနှင့် ကျန်းမာရေး၊ ပညာ ရေးများ ပြည်နယ်လူထုများမှ တန်းတူစွာ ခံစားရရှိဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

KNC ၏ ရပ်တည်ချက်

တန်းတူရေးအပေါ် အခြေခံသော ၁၉၄၇ ပင်လုံကတိကဝတ်များအပေါ် ရပ်တည်အကောင် အထည်ဖော်ပြီး ကချင် လူမျိုးများနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံသားများ ပထမမူဖြစ်ပါတယ်။

KNC ၏ ရည်မှန်းချက်

၁။ အမျိုးသားတန်းတူမှုရရှိရေး

၂။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး

၃။ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး

၄။ သွယ်ဝိုက်ဒီမိုကရေစီသာမက တိုက်ရိုက်ဒီမိုကရေစီဖြစ်သော Right to recall လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခွင့်နှင့် Referendum power လို့ ခေါ်တဲ့ အများဆန္ဒပြု အကောင်အထည်ဖော်ခွင့် တည်ဆောက်ရေး

၅။ ရွေးကောက်ပွဲနည်းစနစ်များ လိုက်လျောညီထွေစွာ ပြောင်းလဲရေးတို့ပဲ ဖြစ်ပါတယ်။

KNC ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြွေးကြော်သံ

ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးအရ အရေးအကြီးဆုံး လိုအပ်ချက်(၃)ရပ်ဖြစ်တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးဆိုတဲ့ အချက်များရဲ့ အခြေခံအကျဆုံးဖြစ်သည့်

“ တန်းတူရေး ”

“ Equality ”

ကချင်လိုအားဖြင့်ဆိုလျှင်

“ Rapra Lam ” ပဲဖြစ်ပါတယ်။

KNC ၏ ၂၀၂၀ ရွေးကောက်ပွဲကတိများ

၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လက်နက်ကိုင်များကို အဓိကထားသောမူ မဟုတ်ဘဲ လူထုကို ပထမ အခြေခံသော ဖြစ်စဉ်ကို ဆောင်ရွက်မည်။

၂။ နိုင်ငံတော်အခြေခံမူတွင် သွယ်ဝိုက် ဒီမိုကရေစီအပြင် တိုက်ရိုက် ဒီမိုကရေစီ ဖြစ်သော Referendum Power ကို ထည့်သွင်းရေးဆွဲ၍ ဥပဒေအဖြစ် ရေးဆွဲပြဋ္ဌာန်းရေး ဆောင်ရွက်မည်။

၃။ ကုန်ဈေးနှုန်း တည်ငြိမ်မျှတရေး အတတ်နိုင်ဆုံး ဆောင်ရွက်မည်။

၄။ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ပို၍ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ထောင်စုအစိုးရဘဏ္ဍာရန်ပုံငွေများမှ ပိုမိုသုံးစွဲလာရန် ကြိုးပမ်းဆောင်ရွက်မည်။

၅။ အကြီးစားနှင့် အလတ်စား ရင်းနှီးမြှုပ်နှံမှုများကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ ထိရောက်စွာ ထိန်းကျောင်းနိုင်အောင် ဆောင်ရွက်မည်။

၆။ လူထု၏ စိုက်ပျိုးလုပ်ကိုင်နေသော မြေယာအကျိုးစီးပွားကာကွယ်ရေးအတွက် ပြည် ထောင်စုတစ်ဝှမ်းလုံးရှိ မြေယာများ မှန်ကန်စွာမှတ်ပုံတင်ရေး (Land Registration) အတွက် အမျိုးသားစီမံကိန်းအဖြစ် ဆောင်ရွက်၍ လူထုအတွက် အကျိုးမပြုသော လယ်ယာမြေများနှင့်ဆိုင်သော ဥပဒေများ Land Law များအား ပြင်ဆင်မည်။

၇။  ကျောက်မျက်ဥပဒေအား ပြည်သူလူထုနှင့် ဒေသခံများ အကျိုးစီးပွားပါဝင်လာရေးအတွက် ထပ်မံပြင်ဆင်မည်။

အထက်ပါရွေးကောက်ပွဲကတိများဟာ KNC အမတ်များ လွှတ်တော်အသီးသီးသို့ ရောက်ရှိလာလျှင် မဖြစ်မနေဆောင်ရွက်သွားမည့်ကတိများ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့၊ လုပ်ဆောင်နိုင်တဲ့ အချက်များသာ ပြည်သူသို့တင်ပြခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူလူထုကြီးခင်ဗျား ....။

ကျွန်တော်တို့ KNC ပါတီဟာ သမိုင်းကြောင်းခိုင်မာတယ်။ နိုင်ငံရေးရည်မှန်းချက် ကောင်းမွန် တည်တံ့တယ်။ လူထုလိုအပ်ချက် သိတယ်။ ဆောင်ရွက်အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေး စွမ်းရည်ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုး များမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်တယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ KNC နဲ့အတူလက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အကောင်းဆုံး တည်ဆောက်သွားကြပါရန် တိုက်တွန်းလိုက်ရပါတယ်။