Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော်၊ စက်တင်ဘာ ၂၂

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘရာဇီးမှ တစ်ဦး၊ ချက်သမ္မတနိုင်ငံမှ တစ်ဦး၊ ကနေဒါမှ သုံးဦး၊ ပြင်သစ်မှ တစ်ဦး၊ ဂျာမနီမှ သုံးဦး၊ အိန္ဒိယမှ တစ်ဦး၊ အင်ဒိုနီးရှားမှ လေးဦး၊ အီတလီမှ တစ်ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၇၂ ဦး၊ နော်ဝေမှ သုံးဦး၊ သီရိလင်္ကာမှ တစ်ဦး၊ အင်္ဂလန်မှ နှစ်ဦး၊ အမေရိကန်မှ ၁၀ ဦး၊ ဗီယက်နမ်မှ ငါးဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း ၁၀၈ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်း မာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့် သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက်နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပတ်စဉ်အင်္ဂါနေ့တိုင်း ကယ်ဆယ်ရေးလေယာဉ် (၂၃) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်