နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည့် နေရာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီ များတည်းခိုနေထိုင်မည့် အိပ်ဆောင် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအမှတ် (၁) ဂိတ် ဝင်/ထွက်ပေါက်တွင် အမျိုးသားအားကစား ပွဲတော်ဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှုများ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် စတိတ်စင်နောက်ခံပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ရေကူးကန်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) တွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် နောက်ခံဆိုင်းဘုတ်တပ်ဆင်ထားရှိမှု၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလံများ တပ်ဆင်ထားရှိမှုအခြေအနေများ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster-5 ရှိ ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး၊ အခမ်းအနားပြင်ဆင်ရာတွင် လစ်ဟင်းမှုများ၊ လိုအပ်ချက်များမရှိစေရေးအတွက် စစ်ဆေးကြပ်မတ်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်