Skip to main content

ဒုတိယဝန်ကြီးဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ခြင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံ အမှတ် (၂၀၇) တိဿဘုရားနှင့် ရှေးဟောင်းအဆောက်အအုံ အမှတ် (၂၁၁) တို့ကို ဘုရားဖူးဧည့်သည်များ လွယ်ကူစွာ ဖူးမြော်နိုင်ရေး ဘုရားဖူးဝင်လမ်း၊ ထွက်လမ်း လမ်းဖောက်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရာဂီမုန်တိုင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်မှုရှိခဲ့သော ဝတ္ထနတောဘုရားစုရှိ ရှေးဟောင်းအဆောက်အအုံ အမှတ် (၃၄၅) ပြန်လည်ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဘုရားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို ရှေးဟောင်းအမွေအနှစ်လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၃၇၄) အလိုတော်ပြည့်ဘုရားကို ဖူးမြော်ကြည်ညို၍ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ ဧရိယာ D ရှိ ဘုရားအပေါ်ပိုင်းနှင့် ဘေးပတ်လည်ဘုရားလိုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာရှိ ဘုရားများတွင် ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၂၃၅) သိကြားပုန်းဘုရားသို့ ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ကားရပ်နားရန် နေရာအား မြေသားနေရာ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် သိကြားပုန်းဘုရားချဉ်းကပ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်