Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီး မင်းဘူး၊ မင်းလှမြို့နယ်တို့မှ ဝါ၊ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ကြိုင်၏ ဝါကြိတ်စက်သို့ သွားရောက်၍ မင်းဘူး၊ မင်းလှမြို့နယ်တို့မှဝါ၊ နေကြာစိုက်သမဝါယမအသင်းသား တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ လုပ်ငန်းလိုအပ်ချက်များဖြစ်သော ဝါမျိုးကောင်းမျိုးသန့်များ အချိန်မီရရှိရေး၊ စိုက်ဧကတိုင်းအတွက် လုံလောက်စွာရရှိရေး၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး တင်ပြချက်အပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထို့နောက် ဝါကြိတ်ဝါဖိစက်များ၊ ဆီကြိတ်စက်များဖြင့် ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာသို့ သွားရောက်ပြီး ဆင်ခေါင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးထွန်းငြိမ်း၏ လယ်မြေ ၁၀ ဧကတွင် ရုရှားရွက်ဖျန်း မြေဩဇာကို မျိုးစေ့စိမ်သည့် အဆင့်မှစ၍ အသုံးပြုစိုက်ပျိုးထားသော ၂၁ ရက်သား ရှစ်ဧကစိုက်ခင်းနှင့် ၁၅ ရက်သား နှစ်ဧကစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဓမ္မာရုံ၌ နေကြာနှင့် ဝါစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

ပူးပေါင်းဆောင်ရွက်

ယင်းနောက် အသင်းသား တောင်သူများထံရေဆင်း နေကြာစပ်မျိုးများပေးအပ်ပြီး တောင်သူ ဒေါ်သန်းသန်းဌေး၏ ယာမြေမှလယ်မြေသို့ ကူးပြောင်းထားသော ကိုင်းတောလေး အရှေ့ကွင်း၊ ကွင်းအမှတ် ၁၂၈၄ တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ တောင်သူ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စက်ရေတွင်း လေးတွင်းတူးဖော်၍ ဆိုလာရေတင်စနစ် အသုံးပြုစိုက်ပျိုးထားသော ဧရာပဒေသာစပါးမျိုး ၁၂၀ ရက်သား ၁၀ ဧကကို လိုက်လံကြည့်ရှုအားပေးသည်။

သင်တန်းဖွင့်လှစ်ပေး

ထိုမှတစ်ဆင့် မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းအရှည် ၁ မိုင် ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပေးပြီးဖြစ်၍ ကျေးရွာရှိ မြေဧက ၁၃၀ တွင် နှမ်း၊ မြေပဲများ အောင်မြင်စွာ စိုက်ပျိုးကြရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်ပေးရေး မှာကြားသည်။

ဆက်လက်၍ မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက် လမ်းအရှည် ၃ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်