နေပြည်တော် နိုဝင်ဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ရောက်ရှိပြီး လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်း သင်တန်း (၃/၂၀၂၄) နှင့် ဂဟေဆက်သင်တန်း (၄/၂၀၂၄) သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားများ လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေး လျက်ရှိကြောင်း၊ နိုင်ငံအတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ လူငယ်လူရွယ်များအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိကြစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်သောကြောင့် သင်တန်းသားလူငယ်များအနေဖြင့် သင်ကြားပို့ချသည့် စာတွေ့/လက်တွေ့ အသိပညာ ဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ မှတ်သားလိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ မိမိဘဝအတွက် အာမခံချက်ပေးနိုင်မည့် အလုပ်အကိုင်ကောင်းများ ရရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လေအေးပေးစက် သွယ်တန်း တပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ မော်တော်ယာဉ်စက်ပြင်ခြင်း၊ ကြွေပြားကပ်ခြင်း၊ စားသောက်ဆိုင် ဝန်ဆောင်မှု၊ သံချည်သံကွေး၊ ဂဟေဆက် (မွမ်းမံ) သင်တန်း စသည့်သင်တန်းရှစ်မျိုးကို ၂၂ ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၅၀၀ ကျော် ဖွင့်လှစ်ရန်လျာထားပြီး ယနေ့အထိ သင်တန်းရှစ်မျိုးကို သင်တန်း ၁၁ ကြိမ်ဖြင့် သင်တန်းသား ၂၇၀ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်