နေပြည်တော် နိုဝင်ဘာ ၁၁
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster-9 တွင် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို တည်ခင်းဧည့်ခံကျွေးမွေးနိုင်ရန် ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တည်ခင်းကျွေးမွေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအနေဖြင့် ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများ၏ တည်းခိုနေထိုင်ရေးသာမက အားကစားသမားများစားသုံးမည့် အစားအစာများကို ဧည့်ခံကျွေးမွေးရာတွင် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော အစားအစာများဖြစ်စေရန် စနစ်တကျ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စားရိပ်သာများတွင် ချက်ပြုတ်ဧည့်ခံကျွေးမွေးရန်လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျပြည့်ဝစွာထားရှိ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် အလေအလွင့်မရှိအောင်နှင့် သန့်ရှင်းလတ်ဆတ်မှုရှိအောင် ပြင်ဆင်ချက်ပြုတ်ကြရမည်ဖြစ်ပါကြောင်း၊ ချက်ပြုတ်မည့် အသား/ငါးများနှင့် အသီးအရွက်များ၊ ချက်ပြုတ်ရေးအသုံး အဆောင်ပစ္စည်းများသန့်ရှင်းရေး၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုသပ်ရပ်မှုရှိအောင် ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
သတင်းစဉ်