နေပြည်တော် နိုဝင်ဘာ ၁၁
ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရန်၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရရှိစေရန်၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာနဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ ထုပ်ဆီးတိုးပြိုင်ပွဲကို ယနေ့တွင် ယင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ပြိုင်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက အားကစားပြုလုပ်ခြင်းကြောင့် ရရှိသည့် ပထမဆုံးအကျိုး ကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရေ ကျန်းမာရေးကောင်းကျိုးရရှိခြင်းဖြစ်ပြီး ထိုမှတစ်ဆင့်အသင်းအဖွဲ့နှင့် အချင်းချင်းစည်းလုံးညီညွတ်၍ စုပေါင်းလုပ်ဆောင်တတ်သည့် စိတ်ဓာတ်ရရှိစေနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ အားကစားဝါသနာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ဖော်ထုတ်ရရှိစေလိုကြောင်းပြောကြားကာ ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အားကစားဝါသနာရှင် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှဝန်ထမ်းများ၏ ထုပ်ဆီးတိုးပြိုင်ပွဲကို စတင်ကျင်းပကြပြီး ဝန်ကြီးဌာနမှ ဝါသနာရှင် ဝန်ထမ်းအားကစားသမားဦးရေ စုစုပေါင်း ၇၀ က ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကာ ပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်