Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များပါဝင်သော ၄၈ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက်Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၁၁

၂၀၂၄ ခုနှစ် တရုတ်-အာဆီယံယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်မြောက် နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာမြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်တို့ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားနှင့် မီဒီယာဖိုရမ်သို့တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၄၁ ဦးနှင့် ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ခုနစ်ဦး စုစုပေါင်း ၄၈ ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

အဆိုပါခရီးစဉ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယောင်အမ်းခရိုင်ရှိ ကွမ်းလုရှေးမြို့ဟောင်း၊ ချူရှုံမြို့ရှိ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာ၊ ယီတိုင်းရင်းသားချည်ထိုး ဒစ်ဂျစ်တယ်လုပ်ငန်းဥယျာဉ်များတွင် ပန်းမန်အခြေခံခေတ်သစ်လယ်ယာစိုက်ပျိုးရေး၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ခရီးသွားလုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုများ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့် ရိုးရာလက်မှုပညာ ထိန်းသိမ်းရေးဆောင်ရွက်မှုအခြေအနေများအား သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း၊ ထိုသို့ ယဉ်ကျေးမှုဖလှယ်ရေးနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ချက်များမှတစ်ဆင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ချစ်ကြည်ရင်းနှီးမှု၊ နားလည်သဘောပေါက်မှုများ ပိုမိုတိုးမြှင့်စေပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မြဲစေရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ် နိုင်ငံခရီးစဉ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်များအပေါ် နောက်ဆက်တွဲဆောင်ရွက်ချက်အဖြစ် အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်