Skip to main content

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၉

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စတင်ထုတ်ချေးသည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်ပြီး ယနေ့အထိ Participating Financial Institutions(PFI) ဘဏ်နှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ ဆီစက်လုပ်ငန်းရှင် ၃၄ ဦးကို ချေးငွေကျပ် ၄၁၉၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပြင်ပပုဂ္ဂလိကဘဏ်များ ပါဝင်ဆောင်ရွက်ရေး၊ ချေးငွေနှုန်းထားတိုးမြှင့်သတ်မှတ်ရေးတို့အတွက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ပိုမိုကျယ်ပြန့်စွာထုတ်ချေးနိုင်ရေး၊ ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။

သတင်းစဉ်