Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် 2024 ASEAN MEDIA PARTNERS COOPERATION WEEK ဖွင့်ပွဲအခမ်းအနား တက်​ရောက်

နေပြည်​တော် နိုဝင်ဘာ ၉

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌ ကျင်းပသော 2024 ASEAN MEDIA PARTNERS COOPERATION WEEK ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ China Media Group (CMG) မှ ဒုတိယအယ်ဒီတာချုပ်နှင့် CGTN အယ်ဒီတာချုပ် H.E Fan Yun၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အမြဲတမ်းအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E Chen Yijun နှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် H.E Kem Gunawadh နှင့် အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသတင်းဌာနများမှ ဖိတ်ကြားထားသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ နန်နင်းမြို့ ကောင်စစ်ဝန်ရုံးမှ သံမှူး ဒေါ်ခိုင်ငြိမ်းစုတို့ တက်ရောက်ကြသည်။

ညှိနှိုင်းဆွေးနွေး

ဖွင့်ပွဲအခမ်းအနားမစတင်မီ China Media Group မှ တာဝန်ရှိသူများ၊ ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် သီးသန့်တွေ့ဆုံ၍ တရုတ်နိုင်ငံနှင့် မိမိတို့နိုင်ငံများအကြား မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြသည်။

ကောင်းကျိုးများတည်ဆောက်နိုင်

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးရဲတင့်က မိန့်ခွန်းပြောကြားရာ၌ ယနေ့မီဒီယာကဏ္ဍသည် နိုင်ငံအသီးသီး၏ နယ်ပယ်စုံတွင် အရေးပါလျက်ရှိကြောင်း၊ မီဒီယာကြောင့် နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် ကောင်းကျိုးများကို တည်ဆောက်နိုင်သကဲ့သို့ သတင်းတု သတင်းမှားများနှင့် ကျင့်ဝတ်ချိုးဖောက်သော မီဒီယာများကြောင့် အချို့နိုင်ငံများမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

မီဒီယာကွာဟချက်များကို လျှော့ချနိုင်ရေးနှင့် နည်းပညာမျှဝေခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများအနေဖြင့် မီဒီယာကဏ္ဍကို စုပေါင်းလုပ်ကိုင်ပါက သတင်းများ ပျံ့နှံ့မှုအားကောင်းပြီး အင်အားကြီးမား၍ အရည်အသွေးပြည့်ဝသော မီဒီယာနယ်ပယ်ကြီးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအချင်းချင်း သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခြင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်အစီအစဉ်များ ပူးပေါင်းရိုက်ကူးခြင်းတို့ဖြင့် နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုတိုးများလာမည်ဖြစ်ကြောင်း၊ ယနေ့ကဲ့သို့ ဒစ်ဂျစ်တယ်​ခေတ်တွင် မီဒီယာအပါအဝင် ကဏ္ဍစုံနှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ယခုအခမ်းအနား၏ ရည်မှန်းချက်ဖြစ်သည့် New Quality, Coexistence, Civilization ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် အနာဂတ်ကို ဖော်ဆောင်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အထင်ကရနေရာများသွားရောက်

ယမန်နေ့ မွန်းလွဲပိုင်းနှင့် ယနေ့တွင် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် ကွေ့လင်မြို့တစ်ဝိုက် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

သတင်းစဉ်