နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေအတွင်း ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး အရေးပေါ်ယာယီကာကွယ်ရေးလုပ်ငန်းများဖြစ်သော သောင်တူးလုပ်ငန်းနှင့် မျောရေကာတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေးလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/ ၇ နေရာရှိ နဝင်းချောင်းရေကြီးရေလျှံမှုလျှော့ချရေး ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်း၊ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု အင်းသာကျေးရွာ ဆင်သေချောင်းရေတိုက်စားကမ်းပြိုမှုကာကွယ်ရေး လုပ်ငန်းအတွက် နှစ်အလိုက်မြေထိန်းနံရံတည်ဆောက်ထားမှု၊ ကွန်ကရစ်ဆူးတောင်များ ချထားဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်