Skip to main content

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “The 5th International Conference on Advanced Information Technologies(ICAIT 2024)”ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၇

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလတွင် ကျရောက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ကြီးမှူးကျင်းပသည့် "The 5th International Conference on Advanced Information Technologies (ICAIT 2024)" ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park(Conference Hall) ၌ ကျင်းပသည်။

အခွင့်အရေးကောင်းတစ်ခုဖြစ်

အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အွန်လိုင်း မှတစ်ဆင့် တက်ရောက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ သင်ကြားရေးနှင့် သုတေသန ဆောင်ရွက်နေမှုများ၏ အရေးပါသော အခန်းကဏ္ဍများအကြောင်းနှင့် ယနေ့ကျင်းပသော ညီလာခံသည် နည်းပညာအသစ်များ၊ အတွေးအခေါ် အသိပညာများမျှဝေဖလှယ်မှု ပြုနိုင်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ Vellore Institute of Technology (VIT) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယနေ့ ကျင်းပသည့် ICAIT 2024 ညီလာခံတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) နှင့် အိန္ဒိယသမ္မတနိုင်ငံ Vellore Institute of Technology(VIT) တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် တက္ကသိုလ်နှစ်ခုကြား ပညာရေးဖလှယ်မှု၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုနှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဖလှယ်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

"The 5th International Conference on Advanced Information Technologies(ICAIT 2024)" ညီလာခံသို့ ဂျပန်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ပါမောက္ခများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်း များနှင့် အင်ဂျင်နီယာအသင်းများမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချူပ်များ၊ သုတေသီများနှင့် စာတမ်းဖတ်ကြားသူများ တက်ရောက်ခဲ့ကြပြီး ညီလာခံဖြစ်မြောက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် IT ကုမ္ပဏီများက ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်