Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကလေးသူငယ်အခွင့် အရေးနှင့်စပ်လျဉ်း သည့် အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၁

NGO Child Rights Working Group (NCRWG) က ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ကလေးသူငယ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်စေရန် အနာဂတ်မျိုးဆက်များဖြစ်သည့် ကလေးများ၏ဘဝ မှန်မှန်ကန်ကန် တိုးတက်ရန် လိုအပ်ပါကြောင်း၊ ကလေးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးသည် စိတ်ပိုင်း ဆိုင်ရာ ကျေနပ်နှစ်သိမ့်မှု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးများ၏ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေနိုင်သည့် ကျား/မ၊ ဆင်းရဲချမ်းသာ၊ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း/ မပြည စုံခြင်း၊ ကိုးကွယ်သည့်ဘာသာ၊ မိဘအသိုင်း အဝိုင်းများကြောင့် ခွဲခြားဆက်ဆံခြင်း၊ ကလေးများကို ပြုစုစောင့်ရှောက်သည့် သူများက လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ ပညာသင်ခွင့် မရှိခြင်း၊ ကလေးများကို စစ်ပွဲများတွင် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ အသုံးချခံရခြင်း စသည်တို့ မဖြစ်အောင် ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု များကို ဆောင်ရွက်ပေးနေ သည့်အပြင် ကာကွယ်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲကို NCRWG (NGO Child Rights Working Group) က ဦးစီး ကျင်းပခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကို ၂၀၀၉ ခုနှစ်က နိုင်ငံတကာ နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၄၀ ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရပါ ကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက် သည် အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှု ပိုမို အားကောင်းလာပြီး မြန်မာနိုင်ငံ အတွင်းတွင်ရှိသည့် ကလေးသူငယ်အားလုံး အခွင့်အရေး အပြည့်အဝရရှိလာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု သိရပါကြောင်း။

ကလေးသူငယ်များကို တိုင်းပြည်၏အနာဂတ်ဟု တင်စားကြပြီး မွေးဖွား ကာစ ရှေးဦးကလေး သူငယ်ပြုစုစောင့်ရှောက်ခြင်းမှသည် လူငယ်ဆိုသည့် အသက်အပိုင်းအခြားအထိ မွေးရာပါ ရပိုင်ခွင့်များကို အသိအမှတ်ပြုစောင့်ရှောက် ပေးခြင်းသည်လည်း နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ခြင်းပင် ဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းကလည်း အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေကြပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြ သည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည့် ကလေးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးပါရန် ပြောကြားသည်။

ထို့နောက် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်