နေပြည်တော် နိုဝင်ဘာ ၆
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားတို့တွင် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အခမ်းအနားများသို့ တက်ရောက်လာကြမည့် ဧည့်သည်များကို ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ ကူးစက်ရောဂါကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် လုံခြုံရေးကိစ္စကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးရေး အစီအစဉ်များကို ဆွေးနွေးအကြံပြုတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်