Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် တွေ့ဆုံ

နောင်ချို စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ညွန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်​ (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးမှ မဲရုံကိစ္စရပ်များ၊ မြို့နယ် လုံခြုံရေး၊ လူလုံခြုံရေး၊လမ်းလုံခြုံရေးနှင့် စည်းရုံးရေးကာလ ဖြစ်သောကြောင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်ထားမှု အခြေအနေများ ရှင်းလင်းပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းမှ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်မှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြ ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ထံသို့ ထောက်ပံ့ငွေ ကျပ်(၁၀) သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သည့် mask(၂၅၀၀)ခု တို့ကို ပေးအပ်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း က လက်ခံရယူပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က နိဂုံးချုပ် အမှာစကား ပြောကြားရာ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနဲ့အဝန်း ဖြစ်ပွားနေသည့်ကို အားလုံး အသိဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု နှင့်ပတ်သက်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက် ကြရန်ပြောကြားသွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)