ကျိုက်ထို စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက်တွင် ယမန်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က စစ်တောင်းမြစ်ဒီရေ ရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့်အတူ မိသားစုဝင် ၃ ဦးတို့မျောပါသွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်တာဝန်ရှိသူတို့က ယင်းနေ့၊ နံနက်(၁၁)နာရီအချိန်ခန့်က သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများတို့က ဒီရေရိုက်ခတ်မှုကြောင့် ပျက်စီးမျောပါသွားသည့် ဦးလင်းလင်း၏ အိမ်နေရာသို့ သွားရောက်ကာ ကျန်ရှိမိသားစု ဝင်များကို အားပေးစကားများပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေ ကျပ်(၃)သိန်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံငွေကျပ် (၁၀) သိန်းနှင့် လူသုံးကုန်ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့အား စစ်တောင်းမြစ် ကမ်းနံဘေးနေထိုင်သူများကို အစားထိုးမြေကွက်ချထားပေးပြီး ဖြစ်သော်လည်း စီးပွားရေးအကျပ်အတည်းကြောင့် ပြောင်းရွေ့နိုင်ခြင်းမရှိသဖြင့် ယခုလို ဖြစ်စဉ်မျိုး ကြုံခဲ့ရကြောင်း၊ အစားထိုးမြေကွက်ရရှိပြီး ပြောင်းရွေ့ရန်ခက်ခဲသော အေးသီတာ ရပ်ကွက် မြောက်ဘက်ခြမ်း (ယနေ့အခင်းဖြစ်နေအိမ်နှင့် ဘေးချင်းကပ်) ရှိ နေအိမ်(၂) လုံးအား အိမ်(၁)လုံးလျှင် (၃) သိန်းကျပ်စီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အေးသီတာ တောင်ဘက် ပိုင်းရှိ စစ်တောင်းမြစ်ကမ်းနေအိမ် (၆) လုံးကိုလည်း ပြောင်းရွေ့မည်ဆိုပါက ထောက်ပံ့ငွေ (၄)သိန်းကျပ် အားပေး၍ မြေကွက် ချထားပေးသောနေရာသို့ ပြောင်းရွေ့ရန်ပြောကြားပြီး ပြောင်းရွှေ့မှုမပြုပါက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)