Skip to main content

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂

ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့တွင် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေးနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံကျင်းပသည့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅) ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ အရာထမ်းနှစ်ဦး တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးနှင့်ဆက်စပ်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက်မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိနေသည့် နယ်ပယ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ရာ ၉၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့သည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Chatou-long Bouasisavath နှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Dato Zainuddin Yahya တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအတွင်း အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များသည် ဗီယက်နမ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်များက ၎င်းတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ အာဆီယံအသိုက်အဝန်း (၂၀၄၅) အား ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပံ့ပိုး ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြသည်။ သက်ဆိုင်ရာကိုယ်စားလှယ်များ၏ တင်ပြအကြံပြုချက်များနှင့် ဆွေးနွေးမှုများအပေါ် အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅) ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု၊ ဒေသတွင်းဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် အာဆီယံပေါင်းစည်းရေးကနဦးအစီအစဉ်တို့၏ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကဏ္ဍစုံပါဝင်နေသည့်ကိစ္စရပ်များအပေါ် မဏ္ဍိုင်သုံးခုအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် တက်ရောက်လာသူများနှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း (၂၀၄၅) ၏ မဟာဗျူဟာစီမံကိန်းများကို အကောင်အထည်ဖော်သည့်အခါ အာဆီယံနိုင်ငံအသီးသီး၌ရှိသော အမျိုးသားစီမံကိန်းများနှင့် ဦးစားပေးအစီအစဉ်များအား ဒေသဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ စီမံကိန်းများတွင် အာဆီယံနိုင်ငံအားလုံး တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရေးနှင့် ခွဲခြားမှုမရှိစေရေးမှာလည်း အလွန်အရေးကြီးကြောင်း၊ အာဆီယံ၏ စီမံကိန်းအများစုမှာ ပြင်ပမိတ်ဖက်နိုင်ငံများ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်မှုများရှိကြောင်း၊ အာဆီယံ၏ စံနှုန်းများဖြစ်သည့် စုစည်းညီညွတ်မှု၊ တန်းတူညီတူရှိမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် “အာဆီယံဗဟိုကျမှု”ကို အာဆီယံဦးဆောင်သည့် ယန္တရားများတွင်သာမက အာဆီယံအတွင်း၌ပါ ပိုမိုကျစ်လျစ်ခိုင်မာစွာ မြှင့်တင်ဖော်ဆောင်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေး၏ ရလဒ်များအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅)၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဟာဗျူဟာစီမံချက်အား တတိယအကြိမ် ဖတ်ကြားဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် လာမည့် (၁၈) ကြိမ်မြောက်နှင့် (၁၉) ကြိမ်မြောက်အစည်းအဝေးတို့တွင် အပြီးသတ်ညှိနှိုင်းရေးဆွဲသွားရန်၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်မည့် အာဆီယံမဏ္ဍိုင် သုံးရပ်နှင့် အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာဗျူဟာစီမံချက်များကို ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

သတင်းစဉ်