မူပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို အကာအကွယ်ပေးသည်။ နိုင်ငံအများစုသည် မူပိုင်ခွင့်ကို အလေးထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းလာစေရန် ကာကွယ်စောင့်ရှောက်ပေးသည်။ ကနဦး စတင်တီထွင်မှု မူပိုင်ခွင့်ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်အဖွဲ့အစည်းသည် အကျိုးရလဒ်ကြီးမားသဖြင့် တီထွင်ဆန်းသစ်မှုများကို စဉ်ဆက်မပြတ် ဖန်တီးလျက် ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား အထောက်အကူပြုနေသည်ကို တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ မူပိုင်ခွင့်ဥပဒေအာဏာတည်ခဲ့ပြီး မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေအနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ဧပြီလ ၁ ရက်နေ့တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့သည်။ ဆက်လက်၍ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စာပေနှင့် အနုပညာမူပိုင်ခွင့်တို့ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပြီး တီထွင်မှုမူပိုင်ခွင့် တရားဝင်စတင်လက်ခံခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည်။
မူပိုင်ခွင့်ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ပညာဖြင့် ပြုလုပ်ထားသော တီထွင်ဖန်တီးမှုများကို အကာကွယ်ပေးရန် ဥပဒေအရပေးအပ်သည့် အခွင့်အရေးကိုဆိုလိုသည်။ ယင်းတွင် စာပေနှင့် အနုပညာမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အခြားမူပိုင်ခွင့် အမျိုးအစားအားလုံးပါဝင်သည်။ ၎င်းတို့တွင် ထုတ်ကုန်အသစ်လက်ရာများနှင့် ထုတ်လုပ်မှုနည်းစဉ်များကို “တီထွင်မှု မူပိုင်ခွင့်” ဖြင့်လည်းကောင်း၊ ထုတ်ကုန်၏ ပြင်ပအသွင်အပြင်နှင့် ပုံသဏ္ဌာန်တို့ကို “ဒီဇိုင်းမူပိုင်ခွင့်” ဖြင့်လည်းကောင်း အကာအကွယ်ရရှိနိုင်သည်။ အဆိုပါထုတ်ကုန်များကို သိမှတ်နိုင်သည့် အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်းဖြင့် “ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်” ကို ရရှိနိုင်သည်။ ထုတ်ကုန်များ၏ ကြော်ငြာများ၊ ရုပ်ပုံကားချပ်များ၊ စာပေ၊ အနုပညာ သတင်းဆောင်းပါးများ စသည့်အနုသုခုမလက်ရာများကို “စာပေ အနုပညာမူပိုင်ခွင့်” ဖြင့် ရရှိနိုင်မည်ဖြစ်သည်။
မူပိုင်ခွင့်သည် ဘယ်ရွေ့ဘယ်မျှ အငြင်းပွားမှုအပေါ်တွင်မူတည်သည်။ မည်သူသည် ထိုအရာအား အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာအဆုံးအဖြတ်ပေးသည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် အကျိုးအမြတ်ကြီးမားသော ဝင်ငွေကိုရရှိနိုင်သည်။ ထို့အပြင် ပိုင်ရှင်၏ ခွင့်ပြုချက်ရရှိမှသာလျှင် ၎င်း၏လက်ရာကို ကူးယူနိုင်သည် သို့မဟုတ် တုပပြုလုပ်နိုင်သည်။ လူတစ်ဦးသည် မူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ပေးထားသော လက်ရာတစ်ခုကို ပိုင်ရှင်မသိအောင် ခိုးယူအသုံးချလျှင်၊ တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ်အား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့ ဥပဒေဖြင့် ဆုံးမနိုင်သည်။ အခြားအရေးကြီး ပြဿနာများတွင် တစ်ဦးတစ်ယောက်သည် မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးထားသော လက်ရာအား ကူးယူပြုလုပ်လျှင် အရေးယူခံရပြီး ထောင်ဒဏ်ပင်ကျခံရနိုင်သည်။
မူပိုင်ခွင့်ဥပဒေ အာဏာတည်ပြီး ထိရောက်စွာ အသက်ဝင်လုပ်ကိုင်နိုင်ခြင်းသည် တီထွင်ဖန်တီးသူအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးစီးပွားများပြားနိုင်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် မူပိုင်ခွင့်ဥပဒေကို တန်ဖိုးထားလိုက်နာဆောင်ရွက် နိုင်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်များသည် တီထွင်ဖန်တီးမှုများကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လုပ်ကိုင်နေကြသည်။ စွန့်ဦးတီထွင်ဖန်တီးမှုအတွက် သက်ဆိုင်ရာ၏ ချီးမြှင့်ပေးအပ်ငွေများ ထိထိရောက်ရောက်ရရှိကြသည်။ တီထွင်ဖန်တီးမှုတစ်ခုကို ပိုင်ဆိုင်ရရှိသည့် အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားချမ်းသာမှု စဉ်ဆက်မပြတ်ရရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၌ မူပိုင်ခွင့်ဥပဒေနှင့် အကျိုးသက်ရောက်မှုများကို စတင်ရရှိပြီဟုဆိုနိုင်သည်။
ယခင်က မြန်မာနိုင်ငံရှိ နယ်ပယ်အရပ်ရပ်တို့တွင် အစဦးတီထွင်ဖန်တီးမှုများကို ပြုလုပ်ခဲ့လင့်ကစား တန်ဖိုးထားမှုနှင့် အကာကွယ်မဲ့မှုတို့ကြောင့် အစဦးတီထွင်ဖန်တီး မှုတို့သည် သဲထဲရေသွန်သကဲ့သို့ ဖြစ်ခဲ့ရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာအဟန့်အတားဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် တီထွင်ဖန်တီးနိုင်မှုစွမ်းပကားများမှာ အခြားနိုင်ငံများထက် သာလွန်သည်ဟုပင် ဆိုနိုင်သည်။ သို့သော် အကျိုးရလဒ်နှင့် အကာကွယ်မဲ့မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက် မှုနောက်ကျရသည့် အကြောင်းရင်းများတွင် အဓိကအချက်အဖြစ် ပါဝင်ခဲ့သည်။
ယခုအခါတွင် စွန့်ဦးတီထွင်မှုများကို နိုင်ငံတော်က အလေးထားအားပေးမှုများနှင့် မူပိုင်ခွင့်ဥပဒေများ အာဏာတည်ပြီး အသက်ဝင်လှုပ်ရှားလာတော့မည် ဖြစ်သောကြောင့် နိုင်ငံသူ၊ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်လူ့စွမ်းအားအရင်းအမြစ်များအနေဖြင့် ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်အထောက်အပံ့ ရရှိလာမှုများဖြင့် မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း။ ။