Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါနှင့် နေကြာစိုက် တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာသို့ ရောက်ရှိပြီး ဖျောက်ဆိပ်ပင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ မှိုင်းပန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကလေးလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမအသင်းများ၏ မိုးဝါ ၁၁၅၆ ဧကတွင် B-31 မျိုးနှင့် Raka-666 မျိုး စိုက်ပျိုးနေမှု၊ ဝါမျိုးများ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် ကူညီထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားပြီး တောင်သူဦးမြင့်ဇော်သိန်းနှင့် တောင်သူ ဦးမောင်ချစ်တို့၏ စိုက်ခင်းများကိုလည်းကောင်း၊ Good Brother ၊ စမ်းဝတီနှင့် ဆင်နှစ်ကောင်ကုမ္ပဏီတို့က ပံ့ပိုးပေးနေသည့် ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ရေကြည်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်လင်း၏ မြေ (၇)ဧက၌ ရေဆင်း (၁) စပ်မျိုး နေကြာ ရက် ၂၀ သား စိုက်ခင်း စိုက်ပျိုးထားမှုကို အားပေးကြည့်ရှုပြီး သမဝါယမအသင်းသား နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအတွက် ရေဆင်း (၁) စပ်မျိုးနေကြာများ ထောက်ပံ့ပေးအပ်ကာ ဖျောက်ဆိပ်ပင်ကျေးရွာရှိ ဦးဝင်းခိုင်နှင့် ဒေါ်ခင်တို့၏ ဝါကြိတ်ဝါဖိစက်ရုံသို့ သွားရောက်၍ မိုးဝါဝယ်ယူရရှိ ကြိတ်ခွဲမှုအခြေအနေနှင့် ဝါဈေးနှုန်းတို့ကို မေးမြန်းလေ့လာသည်။

ယင်းနောက် မြင်စိုင်းကျေးရွာသို့ ရောက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မုန့်ဖုတ်နည်းသင်တန်းရှိ ကိုယ်ပိုင်လုပ်ငန်းထူထောင်နေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဟံမြင့်မိုရ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဒေသနွား မွေးမြူရေးလုပ်ငန်းကို အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ငါးလုံကုန်းကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်းအရှည် (၄) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်