Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယား နိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်းက Portable X-ray စက်ငါးလုံး လှူဒါန်း

ရန်ကုန်    စက်တင်ဘာ   ၂၀

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ  ပြည်တွင်းကူးစက်ပြန့်ပွားမှု ယခုနှစ် ဩဂုတ်လမှစ၍    ရုတ်တရက် တိုးပွားလာခဲ့ရာ   ကိုဗစ်-၁၉   ရောဂါကုသရေးတွင် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယား   နိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း   (KOFIH)   က အမေရိကန်ဒေါ်လာ  ၁၇၅၀၀၀  တန်ဖိုးရှိ Portable X-ray စက်ငါးလုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုရီးယား   နိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း (KOFIH)  က လှူဒါန်းသည့်   Portable X-ray   စက်များ အနက်   တစ်လုံးကို   ရခိုင်ပြည်နယ်   ကျောက်ဖြူဆေးရုံသို့   ပို့ဆောင်ပြီး   ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများတွင်  အသုံးပြုသွားမည်ဖြစ်ကာ  ကျန် Portable X-ray စက်များကို ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)နှင့်  မန္တလေးကန်တော်နဒီဆေးရုံသို့  ဆက်လက်ပို့ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ အနက်  ၇၀  ရာခိုင်နှုန်းခန့်မှာ   ရောဂါလက္ခဏာမပြဘဲ   ကူးစက်ခံရမှု ဖြစ်ပွားနေသည့်အတွက်    ရောဂါလက္ခဏာကိုလိုက်၍  ကူးစက်ခံရခြင်း ရှိ/မရှိ ကောက်ချက်ချရန် ခက်ခဲပြီး  ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ မှုရှိခဲ့သော်လည်း  ရောဂါလက္ခဏာမပြသည့်အခါ  အဆိုပါ  Portable X-ray စက်ဖြင့် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကြည့်ခြင်း မှတစ်ဆင့် အဆုတ်တွင် ထူးခြားမှု  ရှိ/မရှိ ကို ကောက်ချက်ချကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  သိရသည်။

၂၀၂၀   ပြည့်နှစ်   မတ်လက   မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထွက်ပေါ်လာပြီး နောက် ကိုရီးယားသမ္မတနိုင်ငံသည် အစိုးရ၊ ဌာနဆိုင်ရာ၊  ကုမ္ပဏီ၊ NGO  အဖွဲ့အစည်း၊ ကိုရီးယား အသိုက်အဝန်းတို့မှ  Team Korea  ကိုဖွဲ့ကာ Test kit များ၊ တစ်ကိုယ် ရေသုံး    ကာကွယ်ရေးပစ္စည်းများကို   ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်  အသုံးပြုရန်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့    ဆက်တိုက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)