Skip to main content

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ  ၂၀

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးအတိုင်ပင်ခံ ဦးသော်တာက  ၎င်းတို့၏  မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့်  ပေးပို့လာပါသည်။

အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ  အောက်ပါအတိုင်း ဖြစ်ပါသည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ  မိဘပြည်သူများနဲ့    အင်းတိုင်းရင်းသားများ၊ ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းတိုင်းရင်းသားနဲ့တကွ အခြားလူမျိုးစုတိုင်းရင်းသားများ၊  အင်းလေးကန်ကို  ချစ်မြတ်နိုးကြသော သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေလို့ ရှေးဦးစွာ မေတ္တာပို့သ ဂါရဝပြုအပ်ပါသည် ခင်ဗျား။

ကျွန်တော်ကတော့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နိုင်ငံရေး အတိုင်ပင်ခံအဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဦးသော်တာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာလည်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်  ညောင်ရွှေမြို့နယ်၊ ပြည်နယ်အမှတ်(၁) မဲဆန္ဒနယ်မြေမှာ ယှဉ်ပြိုင်သွားပါမယ်။ ကျွန်တော်တို့ ပါတီဟာ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ(၁)ရက်နေ့မှ  ပါတီအမှတ်စဉ် (၂၇) ဖြင့် တရားဝင်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။  ၂၀၁၀၊ ၂၀၁၅   ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇  ကြားဖြတ်ရွေးကောက်ပွဲမှာ  ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ၊ ညောင်ရွှေမြို့နယ် အမှတ်(၁)၊ အမှတ်(၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ(၂)နေရာနှင့် အင်းတိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ်မြေတို့မှာ  အနိုင်ရရှိခဲ့ပါတယ်။  အင်းတိုင်းရင်းသားလူမျိုးတို့၏ အလိုချင်ဆုံးဆန္ဒဖြစ်သော  အင်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရန် ပထမခြေလှမ်းအဖြစ်  အင်းသား ဆုံစည်းရာနေ့ကို အင်းလေးကန် အတွင်းရှိ ရေလယ်ဗိုလ်တဲတွင် အင်အား (၄၀၀၀၀)ကျော်ဖြင့် ကျင်းပနိုင်ခဲ့ပါတယ်။ အင်းသား လူမျိုး၏ နိုင်ငံရေးစင်မြင့်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်းလေးကန်ဇုန်ဝင်ခွင့် ကောက်ခံရငွေ၏ (၅၀%) ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရန် ကြိုးစားဆောင်ရွက်ပြီး ရရှိသောဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ အင်းလေးကန်သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ထိုသို့ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်နေသော သိန်းတစ်သောင်းတန်ဖိုးရှိ ရွှံ့မှုတ်စက်တစ်လုံး ဝယ်ယူနိုင်ရန် နိုင်ငံတော်အစိုးရသို့ သိန်း (၆၀၀၀)ပေးအပ်ခဲ့ပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ  လုပ်သားပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက်  ဒေသခံ အင်းတိုင်းရင်းသားများ   စုပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့သော ခေါင်တိုင်ကျေးရွာ လျှပ်စစ်ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ရေးအတွက် ငွေကြေးကောက်ခံမှု အခက်အခဲများကို ပြေလည်အောင်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့တဲ့အတွက် (၃၀.၇.၂၀၁၁) ရက်နေ့တွင် ခေါင်တိုင်ကျေးရွာ လျှပ်စစ်ဓာတ်အားစက်ရုံ ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။ ဤဆောင်ရွက်မှုကြောင့် (၄)နှစ်ကာလအတွင်း ကျေးရွာပေါင်း(၂၁၀)ကျော် လျှပ်စစ်မီးရရှိ စေခဲ့ပါတယ်။ ၎င်းအပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ (၉.၈.၂၀၁၅)ရက်နေ့ အင်းလေးဒေသခရီးစဉ်တွင် အင်းတောင်ပိုင်း စံကားဒေသ လျှပ်စစ်မီးရရှိစေရေးအတွက် ဓာတ်အားခွဲရုံ တည်ဆောက်ခွင့်တင်ပြခဲ့၍ နိုင်ငံတော်သမ္မတကြီး၏  ကတိကဝတ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး ယနေ့အင်းတောင်ပိုင်းတွင် ကျေးရွာအချို့ လျှပ်စစ်မီးရရှိနေသည်ကို တွေ့ရှိရ၍ ဝမ်းသာပျော်ရွှင်မိပါတယ်။

မိဘပြည်သူများခင်ဗျား  ပါတီ၏  ရည်မှန်းချက်နှင့်  အမျိုးသားမူဝါဒ များကတော့ -

(က) တိုင်းရင်းသားအားလုံး    တစ်ပြေးညီတိုးတက်ပြီး     ပြည်ထောင်စုတစ်ရပ်လုံး   စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊  လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာကာ     အရှေ့တောင်အာရှ       နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်ရေး ဆောင်ရွက်မည်။

(ခ) ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်မည်။

(ဂ) တိုင်းရင်းသားများအားလုံး    အခွင့်အရေး    တန်းတူရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို  အစဉ်အားပေး ထောက်ခံသည်တို့ဖြစ်ပါတယ်။

ပါတီ၏ နိုင်ငံရေးမူဝါဒကတော့ ပါတီစုံဒီမိုကရေစီကို ကျင့်သုံးမည်။ နိုင်ငံရေးပါတီများအားလုံး ခွဲခြားသတ်မှတ် ခြင်းမရှိဘဲ တန်းတူအခွင့်အရေး ရရှိမည်။ ပါတီအချင်းချင်း လေးစားစွာဆက်ဆံမည် စသည်တို့ ဖြစ်ပါတယ် ခင်ဗျား။

ပါတီ၏ စီးပွားရေးလုပ်ငန်းစဉ် ကတော့

(က) ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်မည်။

 နိုင်ငံခြားဘဏ်များ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အထူးအားပေးမည်။

(ခ)  စီးပွားရေးတွင် အခွင့်ထူးခံ လူတန်းစားများမရှိစေရ။    ပုဂ္ဂလိကလုပ်ငန်းရှင်များ ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် အိုးအိမ်သစ်များ၊ လမ်းတံတားများ  တည်ဆောက်နိုင်ရန်အတွက်    နိုင်ငံတော်မှ အားပေးမည်။

(ဂ)  တရားဝင်ထုတ်ပေးသော ငွေကြေးများနှင့်စပ်လျဉ်း၍ နိုင်ငံတော်မှ အာမခံရမည်။

(ဃ)  အခွန်အခသည် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။ အခွန်ပေးသွင်းမှု တာဝန်ကျေ လုပ်ငန်းရှင် များနှင့်  ပြည်သူများအတွက် သင့်တော်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်။ ပါတီ၏ နိုင်ငံရေး လုပ်ငန်းစဉ် များကတော့

(က)  နိုင်ငံတိုင်းနှင့် တန်းတူလေးစားစွာဆက်ဆံမည်။ စီးပွားရေး၊ လူမှုရေးနှင့်    သယ်ယူပို့ဆောင်ရေးတို့ကို  ဦးစားပေး   ပူးပေါင်း   ဆောင်ရွက်မည်။

(ခ)  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊  ကမ္ဘာ့ငြိမ်းချမ်းရေးတို့တွင်    တက်ကြွစွာ    ပူးပေါင်းဆောင်ရွက်သွားမည်။

(ဂ) အိမ်နီးချင်းနိုင်ငံများနှင့်   ငြိမ်းချမ်းစွာ   အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ချက်နှင့်အတူ တိကျစွာ      လိုက်နာ ဆောင်ရွက်မည် စသည်တို့ဖြစ်ပါတယ် ခင်ဗျား။

ပါတီ၏ ကာကွယ်ရေးလုပ်ငန်းစဉ် များအနေဖြင့်

(က)  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို တပ်မတော်အား မဏ္ဍိုင်ထား၍ ပြည်သူများကို မျိုးချစ် စိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်စေမည်။

(ခ)  အမျိုးသားစစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများဆန္ဒနှင့်အညီ ပြဋ္ဌာန်းမည်။ 

(ဂ)  စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင်  ဆောင်ရွက်မည်။

(ဃ)  နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စွမ်းအား(၃)ရပ်လုံးကို ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြင့် မြှင့်တင်မည်။

ပါတီ၏ တိုင်းရင်းသားရေးရာလုပ်ငန်းစဉ် များအနေဖြင့်

(က)  တိုင်းရင်းသားများ  အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်အညီ   ထိရောက်စွာ လုပ်ဆောင်နိုင်ရန်    ဆောင်ရွက်မည်။

(ခ)  တိုင်းရင်းသားတို့၏ လက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည်။

(ဂ)  လူနည်းစုတိုင်းရင်းသားများ၏ဘဝမြှင့်တင်ရေးကို အထူးဦးစားပေး  ဆောင်ရွက်မည်။

ပါတီ၏ အလုပ်သမားရေးရာလုပ်ငန်းစဉ် များအနေဖြင့်

(က) အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်ရေးနှင့်   အရည်အချင်း မြင့်မားရေးတို့အတွက်  နိုင်ငံတော်နှင့် ပုဂ္ဂလိက      ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်ပေးရန် ဆောင်ရွက်မည်။

(ခ)  ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသော နိုင်ငံသားများအတွက် ရပိုင်ခွင့်နှင့်အခွင့်အရေးများ မဆုံးရှုံးစေရန်   ဥပဒေများ    ပြဋ္ဌာန်းဆောင်ရွက်မည်။

(ဂ ) လုပ်ငန်းခွင်တည်မြဲရေး၊  ကျန်းမာရေးနှင့်  လူမှုခံစားခွင့်များကို ခေတ်နှင့်အညီ ခံစားနိုင်ရန် ပြုပြင်ဆောင်ရွက်မည်။

ပါတီ၏ တောင်သူလယ်သမားများအတွက် လုပ်ငန်းစဉ် များကတော့

(က)  တောင်သူလယ်သမားရေးရာဝန်ကြီးဌာနအသစ် ဖွင့်လှစ်မည်။

(ခ)  လယ်ယာမြေ   ဖော်ထုတ်  ရေးကို အဓိက ဦးစားပေးအဖြစ်           မဖြစ်မနေ ဆောင်ရွက်မည်။

(ဂ) လယ်ယာမြေ     ပြန်လည် အပ်နှင်းရေး  နည်းစနစ်ကို လယ်သမားများ၏     ဆန္ဒနှင့်အညီ  မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်မည်။

(ဃ) တောင်သူလယ်သမားများ စိုက်ပျိုးရေးကိစ္စ အဆင်ပြေစေရေးအတွက်    နိုင်ငံတော်ဘဏ်နှင့်    ပုဂ္ဂလိက ဘဏ်တို့မှ  ပူးပေါင်းပါဝင်နိုင်ရေးအတွက် နည်းလမ်းသစ်များ  ရှာဖွေသွား ပါမည်။

(င)  သီးနှံမျိုးစုံ မျိုးစေ့များ ပြည်တွင်းတွင်ထုတ်လုပ်နိုင်ရန် မဖြစ်မနေ ဆောင်ရွက်မည်။

ပါတီ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းစဉ် များကတော့

ပညာရေးနှင့် ကျန်းမာရေးတို့အတွက် နိုင်ငံတော်ဘတ်ဂျက်ကိုအသုံးပြုပြီး နှစ်စဉ်တိုးမြှင့်ပေးသွားမည့် ကဏ္ဍဖြစ်သည့်အလျောက် လက်ရှိလုပ်ဆောင် နေမှုများကို ထိရောက်မှုရှိ-မရှိ ပြည်သူ့ ဆန္ဒရယူခြင်း၊ ပြန်လည်ဆန်းစစ်ခြင်း စသည့်နည်းလမ်းတို့ကို အသုံးပြုပြီး ပြင်ဆင်သင့်သည်များကို အမြန်ဆုံးနှင့် အမှန်ဆုံး ပြင်ဆင်သွားမည်။

ပါတီ၏ စာနယ်ဇင်းနှင့်ပတ်သက်သော လုပ်ငန်းစဉ် များအနေဖြင့်

သတင်းစာ၊ ဂျာနယ်၊  မဂ္ဂဇင်းများကို  မိမိကိုယ်တိုင် တာဝန်ခံမှု၊ မိမိ ကိုယ်တိုင် တာဝန်ယူမှုနှင့်အညီ  လွတ်လပ်စွာ ရေးသားထုတ်ဝေခြင်းကို အားပေးမည်။ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို  အစဉ်အားပေး၍ နည်းပညာ မြင့်မားရေးအတွက် ကူညီဆောင်ရွက်ပေးမည်။

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရှမ်းပြည်နယ်မှ မည်သည့်အခါမှ ခွဲထွက်ခဲ့ခြင်း မရှိသလို ပြည်ထောင်စုကြီးမှ ဘယ်သောအခါမှလည်း ခွဲထွက်မည် မဟုတ်ကြောင်းကိုလည်း ရဲရဲကြီး ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေဖြင့် အင်းသားလူမျိုးတိုင်း နိုင်ငံရေးစင်မြင့်ကို ရရှိစေရန်နှင့်  မျိုးနွယ်စုဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သော ခြေထောက်ဖြင့်လှေလှော် ကမ္ဘာကျော်တဲ့  တို့အင်းသားပိုင်ရှင်  “အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ယုံယုံကြည်ကြည်ဖြင့် သင်ရဲရဲကြီးရွေးချယ်လိုက်ပါ။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိစေရေးအတွက် ပြည်သူများရဲ့ အသည်းကြားမှ မဲတစ်ပြားကို ကျွန်တော် တို့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ယုံကြည်စွာ ဆန္ဒမဲ ပေးအပ်လိုက်ကြပါလို့ ဆန္ဒပြုရင်း ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် အင်းသူ၊ အင်းသားများ  ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

နောင်အင်းလေး  သီချင်း

CHO; ( ငွေသင်ဖြူးလေးခင်းထားသလို သတင်းစကားဆိုလောက်တယ်

 လှေလှော်ကာ တိမ်ကလေးတွေ တောက်မယ် .. ရေပေါ်မှာ

 အိမ်ကလေးတွေ ဆောက်တယ်

 အမှောင်ဆိုင်းတဲ့ အလွမ်းပန်းချီနယ် … တောင်ပိုင်းရဲ့ ရှမ်းပြည်နယ်..

 မှန်းဆအတွေးဝေနော် … ရှမ်းမလေးတွေလည်း ချောပါတယ် ..

 သတင်းမွှေးတဲ့ အင်းလေးကန်သာဝယ်) ၂

 သွေးရင်းသားရင်းညီနောင်ဘွားဖောင်တော်ဦးဘုရားကို  ရောက်အောင်သွား

 အင်းသူ ..အင်းသား နှလုံးသားဖြူပါတယ်။

 လှေကလေးနဲ့ ကြိုကာရယ် .. ဆွေတေးဖွဲ့သလိုပါကွယ်

 ရှမ်းအိုးစည်သံလေးတွေလည်း …. ကြားမယ်ကွယ်။

 မြေပြန့်က ဗမာအစ်ကိုရယ် …. ခြေဆန့်လို့လာရင်ကွယ်

 နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်တယ်။

CHO;  ….