Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဉ်များသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၆

(၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management - AMMDM) နှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဉ်များကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အာဆီယံနိုင်ငံများမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးမည့် ဘန်ဒါဆရီဘီဂါဝမ်မြို့နှင့် Taman Mahkota Jubli Emas ဥယျာဉ်တို့သို့ သွားရောက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့်အတူ သတ်မှတ်နေရာတွင် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် အိမ်ရှင်ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံအတွင်းရေးမှူးချုပ်၏ (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ဂုဏ်ပြုဗီဒီယို သတင်းစကားကို ထုတ်လွှင့်ပြသသည်။

ထို့နောက် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီ အနှစ် (၂၀) ပြည့် အထိမ်းအမှတ်အစီအစဉ်ကို ကျင်းပ ရာ ၂၀၀၄ ခုနှစ် ဆူနာမီဘေးကျရောက်စဉ် မှတ်တမ်းတင်ဗီဒီယိုပြသခြင်း၊ အဆိုပါဘေးအန္တရာယ်အတွင်းမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းခြင်းမှတ်တမ်း၊ ဆူနာမီတိုက်ခတ်မှု နောက်ပိုင်းကာလ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းမှု၊ ကြိုတင် ပြင်ဆင်မှု အစရှိသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမှု မှတ်တမ်းတို့ကို ပြသသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်နှင့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဂုဏ်ပြုပေးပို့သော ကုလသမဂ္ဂဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံးအကြီးအကဲ၏ ဂုဏ်ပြုသတင်းစကားဗီဒီယိုကို ပြသကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်