နေပြည်တော် အောက်တိုဘာ ၂၆
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားအရည်အသွေးပြည့်မီစွာနှင့် အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်သောအနေဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်ထွန်းပြောင်စေမည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင်အားကစားကွင်းများတွင် ယခုလ ၂၅ ရက်မှစတင်၍ ကျင်းပယှဉ်ပြိုင်လျက်ရှိသည်။
ယနေ့မွန်းလွဲပိုင်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားလေ့ကျင့်ရေးခန်းမ (၁) ၌ ဘော်လီဘော(ကျား) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။ ပွဲစဉ်(၁) တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအသင်း (က) က အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအသင်း (က) ကို ပွဲငယ်သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိသည်။ ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်အတူ အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ ဘော်လီဘော (ကျား) ပွဲစဉ်နှင့် ပိုက်ကျော်ခြင်း (ကျား) ပွဲစဉ်၊ ဖူဆယ်ဘောလုံး (ကျား) ပြိုင်ပွဲများကို ကျင်းပသည့်နေရာအသီးသီးတွင် သွားရောက်ကြည့်ရှုအားပေးသည်။
ဘော်လီဘော (ကျား) ပွဲစဉ် (၂) တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအသင်း (ခ) က အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအသင်း (ခ) ကို ပွဲငယ် သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။
ပိုက်ကျော်ခြင်း (ကျား) ပြိုင်ပွဲ ပွဲစဉ်များကို အားကစားလေ့ကျင့်ရေးခန်းမ (၃) တွင် ကျင်းပရာ ပွဲစဉ်(၃) တွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအသင်း (ခ) က အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနအသင်း (က) ကို ပွဲငယ် ၂ ပွဲ - ၁ ပွဲ ဖြင့်လည်းကောင်း၊ ပွဲစဉ် (၄) တွင် နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအသင်း (ခ) က နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအသင်း (က) ကို ပွဲငယ်၂ ပွဲ - ၁ ပွဲဖြင့်လည်းကောင်း အနိုင် ရရှိသည်။
ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) တွင် ဖူဆယ်ဘောလုံး (ကျား) ပြိုင်ပွဲကို ကျင်းပသည်။ ပွဲစဉ်(၁) တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအသင်း (က) က အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအသင်း(က) ကို ၄ ဂိုး - ၁ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ်(၂)တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအသင်း (ခ) က အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအသင်း (ခ) ကို ၂ ဂိုး- ၁ ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိသည်။ ပွဲစဉ်အပြီးတွင် ဒုတိယဝန်ကြီးသည် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြောင်း သိရှိရသည်။
သတင်းစဉ်