နေပြည်တော် စက်တင်ဘာ ၂၀
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ် သို့ အားလျော့သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူသုံးဦးသေဆုံးခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူ ယနေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ စတင် ဆောင်ရွက်လျက်ရှိသည်။
ထောက်ပံ့မှုများ စတင်ဆောင်ရွက်
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့၌ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် အိမ်ခြေ ၄၃၀ ကျော်မှ လူဦးရေ ၁၆၀၀ ကျော်တို့ ယာယီခိုလှုံရာစုရပ် ခုနစ်ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိပြီး လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ် ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် အိမ်ခြေ ၅၀ ကျော်နှင့် ဘာသာရေးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သောကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ ပုလောမြို့နယ်ရှိ ဘေးသင့်ပြည်သူ များအား ကူညီထောက်ပံ့မှုများ စတင်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်း စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မိုး အဆက်မပြတ် ရွာသွန်းခြင်းနှင့် စစ်တောင်းမြစ် ဒီရေတက်ခြင်းကြောင့် စစ်တောင်းမြစ်ကမ်းပါးနှင့် ဆက်စပ်နေသည့် ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၅၀၀ ကျော်မှ လူဦးရေ ၇၀၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ထောက်ပံ့ပေးလျက်ရှိ
သို့ပါ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ် ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိသည်။
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ၊ သတိပေးချက်များကို အလေးထား ဂရုပြုလိုက်နာရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများ ဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်